အုတ်ဖိုမြို့နယ်၌   စိုက်ပျိုးထုတ်လုပ်မှု ထူးချွန်တောင်သူများအား ဂုဏ်ပြုဆုချီးမြှင့်

အုတ်ဖို နိုဝင်ဘာ ၈

လယ်ယာကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးနှံအမျိုးအစားအလိုက် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိအောင် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့သည့် ထူးချွန်တောင်သူများနှင့် သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် ကျေးရွာအုပ်စုများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦးက အဖွင့်အမှာစကားပြောကြားရာ စိုက်ပျိုးသီးနှံများ အထွက်နှုန်း တိုးတက်ကောင်းမွန်စေရေးနှင့် စီးပွားရေးတွက်ခြေကိုက် သီးနှံများအား မှန်ကန်စွာ ရွေးချယ်စိုက်ပျိုးကြရန်လိုကြောင်း သို့မှသာ စီးပွားရေးအဆင်ပြေကာ လူမှုဘဝများ တိုးတက်မြင့်မားလာပြီး နိုင်ငံတော်၏ ထုတ်ကုန်တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ မိမိမြို့နယ်အနေနှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုမှာလည်း နှစ်စဉ်တိုးတက်လာကြောင်းနှင့် ဆက်လက်ကောင်းမွန်အောင် ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က  သီးနှံအမျိုးအစားအလိုက် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိအောင် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့သည့် ထူးချွန်တောင်သူများနှင့် သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် ကျေးရွာအုပ်စုတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များအား ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)