ချောက် နိုဝင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ချောက်ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့နှင့် ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ချောက်မြို့မှ လူကုန်ကူးခံရသောအမျိုးသမီးအား မိဘထံသို့ပြန်လည်အပ်နှံသည့် အခမ်းအနားကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဌာနအစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်နိုင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင် ဒုရဲမှူးကိုကိုအောင်က လူကုန်ကူးမှုခံရသည့်အန္တရာယ်များအကြောင်းသိကောင်းစရာများအား ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းမာသိန်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းနွမ်ခမ်းခေါင်တို့မှ မန္တလေးအထွက် ၁၆ မိုင်ဂိတ်တွင် လူကုန်ကူးခံရသူ ချောက်မြို့၊ အမှတ်(၁၀)ရပ်ကွက်နေ မသဥ္ဇာအောင်(ခ)မမိုးသူအား မိဘအုပ်ထိန်းသူထံသို့ပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)