အိမ်မဲ နိုဝင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရေး၊ စာဖတ်သည့်အလေ့အထကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့်ပြပွဲများကို ယမန်နေ့ နေ့လည်ပိုင်းက အ.မ.က မြို့မ-၂ ကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ကျောင်းသား/သူများအား အသိပညာဗဟုသုတရရှိစေရန်၊ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားရေးအတွက်ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း၊ စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုအန္တရာယ်စသည့် ခေါင်းစဥ်များဖြင့် ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ပြန်/ဆက်ဝန်ထမ်းများက ကျောင်းသား/သူများကို သုတ၊ ရသရရှိစေမည့် စာအုပ်၊စာစောင်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ်သိကောင်းစရာ အသိပညာပေးနံရံကပ်စာစောင်၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကလေးအလုပ်သမားပပျောက်ရေးဆောင်ရွက်ထားရှိမှုအခြေအနေ နံရံကပ်စာစောင်များကို ပြသထားရှိရာ ကျောင်းသား /သူ များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)