ရွှေတောင် နိုဝင်ဘာ ၈
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ရာတွင် ရွှေတောင်မြို့၊ သရက်တောရပ်ကွက် ၊မြို့နယ်အားကစားခန်းမ၌ ၂၀၂၄ ခုနှစ်၊ ပဥ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ခရစ်ကတ်၊ ပိုက်ကျော်ခြင်း အားကစားနည်းများတွင် ပါဝင်ယှဥ်ပြိုင်မည့် ပဲခူးတိုင်းကိုယ်စားပြု လက်ရွေးစင် အားကစားသမားများအား စခန်းသွင်းလေ့ကျင့်နေမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများမှ အားကစားသမားများအတွက် ကြက်ဥ၊ ရေသန့်၊ အချိုရည်နှင့် လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ပံ့ပိုးဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ရွှေတောင် -ရွှေနတ်တောင်လမ်းပေါ်ရှိ လမ်းဦးစီးဌာန၊ ကြီးကြပ်ရေး (တံတားဆောက်လုပ်ရေး)အဖွဲ့မှ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် မယားမာန်တံတား (၈၀"x၂၀") သံကူကွန်ကရစ်တံတား တည်ဆောက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရွှေတောင်မြို့နယ်၊ နွားခြံကုန်းကျေးရွာအုပ်စု၊ ကျွန်းတန်းရိုးကျေးရွာရှိ ဆောင်းမြေပဲ (ဆင်းပဒေသာ-၁၁) အထူးဇုန် (၉၀) ဧကစံပြစိုက်ခင်း စိုက်ပျိုးဖြစ်ထွန်းနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး၍ ဒေသခံတောင်သူများနှင့်တွေ့ဆုံပြီး ဆီထွက်သီးနှံစိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး သက်တမ်းတို စပါးအထွက်ကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးရေးနှင့် နှစ်သီး၊ သုံးသီးစိုက်ဧကများ တိုးချဲ့စိုက်ပျိုး၍ တောင်သူများ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံတော်အစိုးရမှ လိုအပ်သည့်ပံ့ပိုးမှုများကို ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
ထို့နောက် ရွှေတောင်မြို့နယ်၊ ကြို့ကုန်းကျေးရွာ အုပ်စု၊ ဒေါင်းဇွန်ကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများပါဝင်သော စပါးမျိုးရွေးချယ်ခြင်းလုပ်ငန်း မျိုးယှဥ်ပြိုင်စမ်းသပ်ကွက် (မျိုး၁၂ မျိုး) စိုက်ပျိုးထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး၍ တောင်သူများ ဒေသနှင့်ကိုက်ညီသည့် သက်တမ်းတို စပါးအထွက်ကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးနိုင်ရေးအတွက် စည်းရုံးဆောင်ရွက်ကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)