ကြံခင်းမြို့နယ် အ.မ.က(ရွှေတောင်စု) ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ဟောပြောပွဲ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေး​ခြင်းနှင့် ပြပွဲများပြုလုပ်

ကြံခင်း    နိုဝင်ဘာ 

 ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်​ရေးအဖြစ် ဗလငါးတန်ဖွံ့ဖြိုး​စေရေး အသိပညာ​ပေး​ဟော​ပြောခြင်း၊ နံရံကပ်စာ​စောင်နှင့်စာအုပ်ပြပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက အ.မ.က(ရွှေတောင်စု) ကျောင်း၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် အမက(ရွှေတောင်စု)ကျောင်းအုပ်ဆရာမကြီး ဒေါ်လှကေသီက အဖွင့်အမှာစကားပြောကြားပြီး စာဖတ်ရှိန်မြှင့်တင်​ရေးအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ​ ဒေါ်​ခင်မိုး​​​မြင့်က ကျောင်းသား၊ ကျောင်းသူများ ​ကျောင်းစာကို ကြိုးစားသင်ယူရင်း အားလပ်ချိန်၌ အကျိုးရှိစွာ အသုံးချတတ်​စေရန်၊ ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြ​စေရန်၊  မပုကြွယ်နှင့်ခရုငယ်ပုံပြင်ကဲ့သို့ ဇွဲလုံ့လဖြင့် ကြိုးစားသွားကြရန်နှင့် တစ်ကိုယ်ရည် ကျန်းမာရေးကိုလည်း ဂရုပြုရမည်ဖြစ်ကြောင်း အသိ​ပေးဟောပြောခဲ့သည်။ ထို့နောက် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ပြုလုပ်ပေးရာ၌ စတုတ္ထတန်းကျောင်းသား ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်စေခဲ့ပြီး တေဇစာအုပ် အတွဲ ၃၁ အမှတ် ၄ ပါ ကဗျာများအား အသံထွက်​မှန်စွာ ရွတ်ဆိုနိုင်သူများအား အမှတ်တရလက်ဆောင်ဆု ချီးမြှင့်ပေးအပ်ခဲ့သည်။ ယင်းနောက် မြို့မရဲစခန်းမှ  ဒုရဲအုပ် အောင်အောင်က ယာဉ်စည်းကမ်း လမ်းစည်းကမ်း၊ မူးယစ်ဆေးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ်အသိပညာပေးဟောပြောခဲ့ပြီး မူလတန်းပြဆရာမ ဒေါ်နှင်းယုခိုင်က ကျေးဇူးတင်စကားပြန်လည် ​ပြောကြားခဲ့သည်။

ထို့​နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး က​​လေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် နံရံကပ်စာ​စောင်နှင့် သုတရသစာအုပ်စာစောင်များကို ပြသ​ပေးခဲ့ရာ ​ကျောင်းသား၊ ​ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ဖတ်ရှု​လေ့လာခဲ့ကြ​ကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)