မြောင်းမြ နိုဝင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ သစ်တောဦးစီးဌာနမှ မီးခိုး/မြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ခရိုင်အဆင့်အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာလ (၄) ရက်နေ့ နံနက်ပိုင်းက မြောင်းမြပညာရေးဒီဂရီကောလိပ်၊ မြရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြောင်းမြခရိုင် သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဆွေမှ ရာသီဥတုပြောင်းလဲမှုလျော့နည်းစေရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးစီးအရာရှိ ဦးကြည်ဌေးမှ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လျော့နည်းစေရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးစီးအရာရှိ ဦးအောင်အောင်ဌေးမှ မီးခိုး/မြူငွေ့လျှော့ချရေးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို မြောင်းမြပညာရေးဒီဂရီကောလိပ်မှ ဒု-ကျောင်းအုပ်ကြီးနှင့် ပါမောက္ခ၊ ဌာနမှူးများ၊ ကထိကများနှင့် သင်တန်းသား/သူ ဆရာ/ဆရာမများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း (၃၆၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)