ညောင်လေးပင် နိုဝင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အခြေခံပညာမူလတန်းလွန်ကျောင်း (တော်ပသီ)နှင့် (အေဘီအမ်) ကျောင်းတို့တွင် နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးခြင်း၊ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးလုပ်ငန်းကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မိုးစန္ဒာဝင်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံကြွယ်ဝသော လူငယ်များဖြစ်စေရန်ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကို ဖတ်ရှုလေ့လာသော အလေ့အကျင့်ကောင်းများရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိနိုင်သောအသိပညာဗဟုသုတများ၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများ၊ လူငယ်များသိသင့် သိထိုက်သည့် ဗဟုသုတအကြောင်းအရာများကို အကျယ်တဝင့်ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတရရှိစေရန် စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စက္ကူပြဇာတ်၊ စာအုပ်ဖြင့် ပုံပြင်ပြောခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာ ပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့်ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)