မိုးညိုမြို့နယ်၌ သီးနှံစိုက်ပျိုးထုတ်လုပ်မှု ထူးချွန်တောင်သူများအား ဂုဏ်ပြုဆုချီးမြှင့်

မိုးညို နိုဝင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် စိုက်ပျိုး‌ရေးဦးစီးဌာနရုံး၌ လယ်ယာကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးနှံအမျိုးအစားအလိုက် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိအောင် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့သည့် ထူးချွန်တောင်သူများနှင့် သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအားတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် ကျေးရွာအုပ်စုများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယမန်နေ့ ၁၀ နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုး‌ဝေလင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီတာဦးက ဆုချီးမြှင့်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူတို့က သီးနှံအမျိုးအစားအလိုက် ပန်းတိုင်အထွက်နှုန်းကျော်လွန်ထွက်ရှိအောင် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့သည့် ထူးချွန်တောင်သူများနှင့် သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအားတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့်တောင်သူတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)