မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် ကျရောက်သည့် (၃၆) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည့်နေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

မကွေး နိုဝင်ဘာ ၈

မကွေးတိုင်းဒေသကြီး မကွေးမြို့ မြို့တော်ခန်းမ၌ ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် ကျရောက်သည့် (၃၆) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည့်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီး ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းဟောင်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ယခုလို မင်္ဂလာရှိတဲ့ နိုဝင်ဘာလ ၇ ရက်နေ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ (၃၆) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို တက်ရောက်ချီးမြှင့်ရတဲ့အတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ကာလမှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့က (၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ(၇) ရက်နေ့) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄/၈၈) ဖြင့် “ အထွေထွေဦးစီးဌာန ” ကို “အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန” လို့ ပြင်ဆင်သတ်မှတ်၍ ပြန်လည်ဖွဲ့စည်းကြောင်းကြေညာခဲ့ကြောင်း၊ အဲဒီပြန်လည် ဖွဲ့စည်း ခဲ့တဲ့ ရက်ကို အစွဲပြုပြီး ဌာနနှစ်ပတ်လည်နေ့အဖြစ် သတ်မှတ်ခဲ့တာဟာ ယနေ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့မှာ (၃၆) နှစ်ကာလတိုင်ရောက်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ ခေတ်အဆက်ဆက်ပြောင်းလဲခဲ့ပေမယ့်လည်း အစဉ်အလာကြီးမားခဲ့တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် အုပ်ချုပ်ရေးကဏ္ဍကို အထောက်အကူပြု ဆောင်ရွက်နေတာဟာ ယနေ့အထိဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအတွက် ပေးအပ်သောတာဝန်ကို ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများကိုလည်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများသည် ခေတ်အဆက်ဆက်မှာ မည်သည့် နိုင်ငံရေးစနစ် ကျင့်သုံးခဲ့သည်ဖြစ်စေ နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရား တည်ငြိမ်ခိုင်မာလာအောင် နိုင်ငံတော်၏ အုပ်ချုပ်ရေးစနစ်၊ နိုင်ငံတော်၏ အုပ်ချုပ်ရေးအာဏာပျံ့နှံ့ထိရောက်အောင် အစဉ်အဆက်ထမ်းဆောင်ခဲ့ကြတာကို တွေ့ရှိရပါကြောင်း၊ အဆင့်ဆင့်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအားလုံးသည် အစိုးရအဖွဲ့ရုံး၏ ကြီးလေးသော လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေကြတဲ့ ရုံးအဖွဲ့များဖြစ်ပြီး အရေးကြီးတဲ့ဌာနလည်းဖြစ်သည်နှင့် အညီ လူပုဂ္ဂိုလ်လုံခြုံရေး၊ သတင်းလုံခြုံရေး၊ လုံခြုံမှုအဆင့်ရှိတဲ့စာများ ထိန်းသိမ်းရေးနှင့် သတင်းပေါက်ကြားမှုမရှိစေရေးကို အထူးအလေးထား ဆောင်ရွက်ရန် မှာကြားလိုကြောင်းနှင့် မိမိဝန်ထမ်းအဖွဲ့အစည်း၏ ရည်မှန်းချက်များ အောင်မြင်ပြီးမြောက်အောင် အစဉ်လေ့လာသင်ယူလျက် နိုင်ငံတော်နှင့် ပြည်သူများကို အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ပြီး အုပ်ချုပ်ရေးယန္တရား အစဉ်လည်ပတ်နိုင်ရေးအတွက် ကျရာအခန်းကဏ္ဍမှ ပါဝင်၍ “ထိရောက်မှုနှင့် စွမ်းရည်ပြည့်ဝမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ တာဝန်ခံမှု၊ ပြည်သူလူထု ယုံကြည်အားထားမှု၊ တန်းတူညီမျှ အားလုံးပါဝင်မှု၊ လုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေမှု”ဆိုတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စံ (၆) ရပ်နှင့်အညီ ဆောင်ရွက်သွားကြဖို့နဲ့ နိုင်ငံတော်က အားထားရတဲ့ နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သမိုင်းကြောင်းနှင့် လုပ်ငန်းစွမ်းဆောင်ချက်များအား Vedio Clip ဖြင့် ပြသခဲ့ပြီး၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များ၌ ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် ထူးချွန်ဆုရရှိသူများ၊ ရုံးလုပ်ငန်းများနှင့် ရုံးအသွင်သဏ္ဍာန်တိုးတက်မှုဆုများ၊ ဌာနပိုင်ဝန်ထမ်းအိမ်ယာများ သန့်ရှင်းသာယာလှပရေး ဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဆန်းနှင့် တာဝန်ရှိသူတို့က ဆုများအား အသီးသီးချီးမြှင့်ပေးအပ်ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းဟောင်းများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

ထို့နောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ အထူးဖိတ်ကြားထားသောဧည့်သည်တော်များက ဝန်ထမ်းများအတွက် ကံစမ်းမဲဖောက်ပေးခြင်းအစီအစဉ် ဆောင်ရွက်ခဲ့ပြီး၊ (၃၆) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။

မောင်ညီညာ