ကြံခင်း နိုဝင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးလောင်ဆုံးရှုံးမှု လျော့နည်းပျောက်စေရန်ရည်ရွယ်ပြီး စာသင်ကျောင်းအခြေပြု မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ ၉ နာရီ အချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ကျော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြ ဆရာမဒေါ်စန္ဒာဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကိုကိုနိုင်က ကျောင်းသား၊ ကျောင်းသူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရမည့် အချက်များနှင့် မီးလောင်မှုဖြစ်ပွားစေနိုင်သော အချက်များ၊ မီးသတ်ဆေးဘူးအသုံးပြု မီးငြှိမ်းသတ်ခြင်းများကို အသိပညာပေးရှင်းလင်းဟောပြောခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြသည်။
ထိုနောက်မီးဘေးလုံခြုံရေးဇာတ်တိုက်သရုပ်ပြရာ မြို့နယ်ဦးစီးအရာရှိ ဦးကိုကိုနိုင်ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက (အ.ထ.က-၁)ကျောင်းမှ ကျောင်းသား၊ကျောင်းသူများအား ဆီမီး(DCP) မီးသတ်ဆေးဘူးဖြင့် မီးလောင်ခြင်းအန္တရာယ်ကြုံတွေ့ပါကအရေးပေါ်မီးငြှိမ်းသတ်နိုင်ရန်ပြသပေးခြင်း၊ အဝတ်ရေစိုဖြင့် အရေးပေါ်မီးငြှိမ်းသတ်ပုံများကို သရုပ်ပြကာ လက်တွေ့လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)