ဖျာပုံ နိုဝင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖျာပုံခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဥာဏ၊ စာရိတ္တဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင် ပြသဆောင်ရွက်ခြင်းကို နိုဝင်ဘာလ ၆ ရက်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့နယ် အ.လ.က(ခွဲ)ကျုံကူတူးမြောင်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောရာတွင် ဖျာပုံခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်စန္ဒာဦးက “အားကစားနှင့်အနာဂတ်လူငယ်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ များတွင် လူငယ်များအနေဖြင့် ကျောင်းပညာရေးအပြင် အားကစားကဏ္ဍ အထူးလေ့လာ လိုက်စားစေလိုကြောင်း၊ သို့မှသာ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော အားကစား သမားကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ အချိန်ကို အကျိုးရှိရှိ အသုံးချကြစေလိုပါကြောင်း ပြောကြားပြီး ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ် မာမာလွင်က" လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဥ်ဖြင့် ဆွေးနွေးရာတွင် ယနေ့လူငယ်များသည် အနာဂတ်၏ မျိုးဆက်သစ်လူငယ်များဖြစ်သည့်အတွက် ပညာရည်မြင့်၊ ဥာဏ်ရည်မြင့်သည့် လူငယ်များပေါ်ထွန်းလာရေးအတွက် ပညာကိုကြိုးစား သင်ယူကြရန်နှင့် အသိပညာ ဗဟုသုတများရရှိစေမည့် စာအုပ်စာပေများကို လေ့လာဖတ်ရှုကြဖို့လိုကြောင်း၊ ယနေ့လူငယ်များ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ဖြစ်စေလိုကြောင်းနှင့်မူးယစ်ဆေးဝါးအန္တရာယ်” အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ကြသည်။
ဆက်လက်၍ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော စာအုပ်၊ စာစောင်ပြပွဲနှင့်၊ နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းတို့အား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)