အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာ​​စောင်ပြပွဲကွင်းဆင်းဆောင်ရွက်

သဲကုန်း  နိုဝင်ဘာ ၇

ပဲခူးတိုင်းဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန် မြင့်မားပြီး  အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ယနေ့နံနက် (၉)နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း (မိုးတိမ်ပြင်)နှင့် (ဘူးပြော) ​ကျောင်းတို့တွင် နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးခြင်း၊ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးလုပ်ငန်း​ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက  ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံကြွယ်ဝသော လူငယ်များဖြစ်စေရန်ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကို ဗဟုသုတရရှိရေးအတွက် ဖတ်ရှုလေ့လာသော အလေ့အကျင့်ကောင်းများရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိနိုင်သောအသိပညာဗဟုသုတများ၊ စာအုပ်စာပေဖတ်ရှုရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရည်မှန်းချက်/ ရည်ရွယ်ချက်ထားရှိရန်၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများကို ငယ်စဥ်ကပင်နားလည်သိမြင်ပြီး ရှောင်ရှားတတ်စေရန်၊ လူငယ်များသိသင့်သိထိုက်သည့် ဗဟုသုတ အကြောင်းအရာများ၊ လူငယ်များ အကျင့်စာရိတ္တကောင်းမွန်စေရန်၊ နေ့ထူးနေ့မြတ်နေ့ရက်များကို အစဉ်သတိရစေရန် စသည့်အကြောင်းအရာများကို အကျယ်တဝင့်ဟော​​ပြောခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတရရှိစေရန် စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စက္ကူပြဇာတ်၊ စာအုပ်ဖြင့် ပုံပြင်ပြောခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာ​စောင်များနှင့် သုတ၊ ရသ စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့်ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)