တောင်တွင်းကြီး နိုဝင်ဘာ ၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်သည် ယမန်နေ့နံနက်ပိုင်းက ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မကွေးတိုင်းဒေသကြီး၊ အမှတ်(၄) အထည်ချုပ်စက်ရုံခွဲ(ပွင့်ဖြူ)လက်အောက်ရှိ တောင်တွင်းကြီးမြို့ ဝါကြိတ်စက်ရုံ ကြည့်ရှုစစ်ဆေးခြင်းနှင့် တောင်တွင်းကြီးမြို့နယ်၊ ရေတွင်းကောင်းကျေးရွာနှင့် စမ်းကြီးကျေးရွာရှိ ချည်မျှင်ရှည်ဝါစိုက် တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနား တက်ရောက်ခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့်အဖွဲ့သည် တောင်တွင်းကြီးမြို့ ဝါကြိတ်စက်ရုံသို့ ရောက်ရှိပြီး စက်ရုံတာဝန်ခံကစက်ရုံနှင့်ပတ်သတ်သည့် အချက်အလက်များကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဝါစက်လုပ်ငန်းများ ပိုမိုအောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် ကုန်ကြမ်းကောင်းမှ ကုန်ချောကောင်းမည်ဆိုသည့်အတိုင်း ကုန်းကြမ်းဝါများကို စိစစ်ရွေးချယ်ဝယ်ယူထားရှိနိုင်ရေး၊ စက်ပစ္စည်းများကိုလည်း အမြဲကောင်းမွန်အောင် ပြုပြင်ထားနိုင်ရန်နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ နှောင်းနှေးမှုမဖြစ်ပေါ်စေရေး အထူးအလေးထား ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်တွင်းကြီးမြို့နယ်၊ ရေတွင်းကောင်းကျေးရွာနှင့် စမ်းကြီးကျေးရွာရှိ ချည်မျှင်ရှည်ဝါစိုက်ပျိုးသည့် တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ရာ ပြည်ထောင်စုဝန်ကြီးက ဝါစိုက်တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ နိုင်ငံအတွင်းရှိ ပြည်သူများ အဝတ်အထည်ဖူလုံရေးအတွက် ဝါထုတ်လုပ်မှုလုပ်ငန်းဟာ အလွန်အရေးပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထွက်ရှိလာသောဝါမှာ နိုင်ငံအတွင်း ချည်လိုအပ်ချက် အတွက် ပြည့်မီတာကို တွေ့ရှိရသော်လည်း ချည်နှင့်အထည်များကို ပြည်ပမှ တင်သွင်းမှာယူနေရ သည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ထွက်ရှိသောဝါဂွမ်းများကို ကုန်ကြမ်းအနေဖြင့်သာ ပြည်ပသို့ တင်ပို့ရောင်းချနေရကြောင်း၊ ဒါကြောင့် ပြည်တွင်း၌သာ ချည်ဖြစ်သည်အထိ ထုတ်လုပ်နိုင်ရန်အတွက် လိုအပ်သည့်နည်းပညာများ၊ စက်ပစ္စည်းများ၊ အရင်းအနှီးပံ့ပိုးမှုများကို အထူးအလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ဝါစိုက်တောင်သူများအနေဖြင့်လည်း ဝါများအထွက်တိုးရေး မျိုးကောင်း၊ မျိုးသန့်များကို ရွေးချယ်စိုက်ပျိုးရေး၊ စိုက်ပျိုးမြေအရည်အသွေး ကောင်းမွန်အောင် စနစ်တကျ ပြုပြင်ရေး၊ စိုက်ပျိုးရေ ဖူလုံစွာရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်ရေးတို့ကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးက လယ်ယာသီးနှံစိုက်ပျိုးမှုဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် တောင်သူများမှ လိုအပ်ချက်များကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့သည်။
နောင်နောင် (ဗိဿနိုးမြေ)