​ဖြူးမြို့နယ်အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာဟောပြောပွဲနှင့်  စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

ဖြူး နိုဝင်ဘာ  ၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ အကျင့်စာရိတ္တ ကောင်းမွန်စေရေး၊ အသိပညာဗဟုသုတများရရှိစေရေး၊  ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ရရှိစေရေးအတွက်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ညောင်ကားယားကျေးရွာအုပ်စု၊ သင်္ကန်းမြောင်အခြေခံပညာ မူလတန်းလွန်ကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍  လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့်  စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက အမျိုးသားနေ့ဖြစ်ပေါ်လာပုံအကြောင်း၊ စာဖတ်ခြင်းအကျိုး ကျေးဇူးများကို အသိပညာပေးဟောပြောခြင်း၊ ဒုတိယဦးစီးမှူးဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းများက KG တန်း၊ မူလတန်းအရွယ် ကလေးငယ်များအားပုံပြင်ပြောအစီအစဉ်များ ဆောင်ရွက်ပေးခြင်းများကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး၊ ဒေါ်ပပလင်းက ကျောင်းသား၊ ကျောင်းသူများကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများ စားသောက်ရေး၊ စားသုံးသူအခွင့်အရေးဆိုင်ရာများ၊ စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာများ၊ ကုန်အညွှန်းအမှတ်အသားများအကြောင်းကိုလည်းကောင်း ပြောကြားကြသည်။

အပြင် သုံးဘီးဆိုင်ကယ်ဖြင့် ကလေးစာပေများအား ဖတ်ရှုစေခြင်း၊  သဘာဝဘေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခြင်းများကို ဆောင်ရွက်ပေးကြကြောင်းသိရသည်။

နေမျိုးလွင် (ပြန်/ဆက်)