ပခုက္ကူ နိုဝင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ၂၀၂၄ ခုနှစ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံး၊ မြဧရာ(၁)ခန်းမတွင် ကျင်းပြုလုပ်သည်။
ရှေးဦးစွာ ကြွရောက်တော်မူလာကြသော ပခုက္ကူမြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တအရိယဝံသ (အဂ္ဂမဟာပဏ္ဍိတ)နှင့် မြို့ပေါ်ကျောင်းတိုက်ကြီးများမှ ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်သည်တော်များက “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ကြသည်။
ထို့နောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များထံမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်အမှူးပြုသော ဧည့်သည်တော်များက ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်များနှင့် အန္တရာယ်ကင်းပရိတ်တရားတော်များနာယူခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ကြသည်။
အဆိုပါအခမ်းအနားတွင် ပခုက္ကူမြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် ဆရာတော်သံဃာတော်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မျိုးဝင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာရဲနှင့် ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးနှင့်ဝန်ထမ်းများ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အငြိမ်းစားဝန်ထမ်းများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)