ပွင့်ဖြူ နိုဝင်ဘာ ၇
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆)နှစ်မြောက် ဌာနနှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၆ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ဝင်းထွန်းနှင့် ရုံးဝန်ထမ်းများ၊ ရပ်/ကျေးစာရေးဝန်ထမ်းများက မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တ ပါမောက္ခအမှူးပြုသော သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်ကြီးများက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပွားများခဲ့ကြသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက ဌာနနှစ်ပတ်လည်နေ့အထိမ်းအမှတ် ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများနှင့် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှအတန်း ပေးဝေခဲ့သည်။
ဆက်လက်၍ အခမ်းအနားကို ကျင်းပရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ တစ်နှစ်တာကာလအတွင်း ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူလူထုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုမှတ်တမ်း (Video Clip) အား ဖွင့်လှစ်ပြသခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏(၃၆)နှစ်မြောက် ဌာနနှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် အဖွင့်အမှာစကားပြောကြားရာ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများသည် ခေတ်အဆက်ဆက် တက်ရောက်လာသော နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့် လုပ်ငန်းစဉ်များကို အစိုးရနှင့်ပြည်သူအကြား တိုက်ရိုက်ဆက်သွယ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ရသည့် ဌာနဖြစ်၍ မိမိတို့ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းကောင်းပီသစွာ နေထိုင်၍ နိုင်ငံတော်နှင့် ပြည်သူလူထု အကျိုးစီးပွားအတွက် စစ်မှန်သော စိတ်စေတနာများဖြင့် ကြိုးစားဆောင်ရွက်ကြရန်နှင့် မိမိဌာနမှပေးအပ်လာသော လုပ်ငန်းတာဝန်များကိုလည်း ကျေပွန်စွာ ထမ်းဆောင်သွားကြ စေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါ်စောစောထားတို့က ဌာနနှစ်ပတ်လည်နေ့အထိမ်းအမှတ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော အငြိမ်းစားဝန်ထမ်းများကို အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ကာ ဌာနရှိ သင်တန်းတက်ရောက်ခဲ့သော ဝန်ထမ်းများကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။ ယင်းနောက် ရုံးဝန်ထမ်းများအတွက် တူညီဝတ်စုံများနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်၍ စီမံဝန်ထမ်းများအတွက် ဌာနနှင့်သက်ဆိုင်သော ဥပဒေစာအုပ်များကို အမှတ်တရလက်ဆောင် ပေးအပ်ကာ စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)