မုဒုံ နိုဝင်ဘာ ၇
မွန်ပြည်နယ်၊ မုဒုံမြို့ နိုင်းပြိုင်ကျေးရွာတွင် ပြည်သူများ စာပေအသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဆောက်လုပ်မည့် စာကြည့်တိုက် အဆောက်အဦအသစ် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက အဆိုပါကျေးရွာရှိ စာကြည့်တိုက်ဆောက်လုပ်မည့် မြေနေရာ၌ ပြုလုပ်သည်။
ဦးစွာ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင် ဦးမင်းအောင်မြင့်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ကျေးရွာစာကြည့်တိုက်အသစ် ဆောက်လုပ်မည့်နေရာအား ပန္နက်တိုင်များ စိုက်ထူ၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက စာကြည့်တိုက်အဆောက်အဦအသစ်အား တာဝန်ယူဆောက်လုပ်မည့် တာဝန်ရှိသူများနှင့် ကျေးရွာရပ်မိရပ်ဖများကို တွေ့ဆုံ၍ စာကြည့်တိုက် အဆောက်အဦအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် တည်ဆောက်သွားရန် လမ်းညွှန်မှာကြားသည်။
မုဒုံမြို့နယ် နိုင်းပြိုင်ကျေးရွာတွင် အကောင်အထည်ဖော်ဆောက်လုပ်မည့် ကျေးရွာစာကြည့်တိုက် အဆောက်အဦအသစ်ကို စေတနာရှင်အလှူရှင်မှ လှူဒါန်းငွေကျပ် သိန်း (၁၅၀) နှင့် ပြည်သူများ စုပေါင်းလှူဒါန်းငွေများဖြင့် အလျား ပေ(၂၀)၊ အနံ ပေ(၂၀)၊ အမြင့် (၁၁) ပေရှိ စာကြည့်တိုက်အဆောက်အဦအသစ် ဆောက်လုပ်ခြင်း၊ စာကြည့်တိုက်အတွင်းရှိ ပရိဘောဂ အသုံးအဆောင်ပစ္စည်းများ၊ စာအုပ်စာစောင်များ ဝယ်ယူခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)