မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနား တက်ရောက်

မော်လမြိုင် နိုဝင်ဘာ ၇

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်နေ့၊ ယနေ့တွင် ကျရောက်သည့် ပြည်ထဲရေဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငြိမ်းစားအရာရှိကြီးများ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် အရာထမ်း/အမှုထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးမဏ္ဍိုင်ကို တာဝန်ယူဆောင်ရွက်နေတဲ့အဆင့်ဆင့်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ပေးအပ်သည့်လုပ်ငန်း တာဝန်များအပြင်၊ ဝန်ကြီးဌာနမှ ပေးအပ်သည့် လုပ်ငန်းတာဝန်များနှင့် မိခင်ဌာန၏ လုပ်ငန်းတာဝန်များကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် အုပ်ချုပ်ရေးလုပ်ငန်း၏ အဓိကကျောရိုးဖြစ်သဖြင့် ဥပဒေနှင့်အညီ အကောင်အထည်ဖော်ပေးနေရသောဌာနဖြစ်သည်နှင့်အညီ ပေးအပ်သော တာဝန်များကိုထမ်းဆောင်ရာတွင် ရိုးရိုးသားသားဖြင့် မှန်မှန်ကန်ကန်ဖြစ်အောင်၊ မိမိတို့လုပ်ဆောင်ချက်များအားလုံးကို မှတ်ကျောက်တင်ခံနိုင်အောင် ဆောင်ရွက်သွားရန်ကြရမှာဖြစ်ကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်များအနေဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းလုပ်ငန်းကို အခက်အခဲမရှိ ကောက်ယူနိုင်ခဲ့ခြင်း၊ လုံခြုံရေးလုပ်ငန်းများမှာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် အားတက်သရော ပါဝင်ဆောင်ရွက်ခြင်းတို့အတွက် မွန်ပြည်နယ်ကိုယ်စား အသိအမှတ်ပြုမှတ်တမ်းတင်ပါကြောင်းနှင့် ပေးအပ်သည့် လုပ်ငန်းတာဝန်ကို ကျေပွန်စွာဆောင်ရွက်ရန်နှင့် နိုင်ငံအကျိုး၊ ဒေသအကျိုးနှင့် ပြည်သူ့အကျိုးတို့ကို ဆထက်ထမ်းပိုးဆောင်ရွက်နိုင်သော ဝန်ထမ်းကောင်းများဖြစ်စေရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) မှ ပေးပို့လာသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သမိုင်းကြောင်းနှင့် လုပ်ငန်းစွမ်းဆောင်ချက်များ Video Clip အား ပြသခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ငွေကျပ်သိန်း (၁၀၀)နှင့် ဝန်ထမ်းများအတွက် တူညီဝတ်စုံများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က ဗဟိုဝန်ထမ်းတက္ကသိုလ်နှင့် အထွေ‌‌ထွေအုပ်ချုပ်ရေး ဦးစီးဌာနသင်တန်းများတွင် ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုများအား လည်းကောင်း၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းက ဌာနမှစေလွှတ်သည့် သင်တန်းများတွင် ထူးချွန်ဆုရရှိသူများအား မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထပ်ဆင့်ဂုဏ်ပြုဆုများအားလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအဆင့်ဆင့်မှ ၂၀၂၄ ခုနှစ်၊ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ချက်မှတ်တမ်းများအား ပြသခဲ့မှုအပေါ် ကြည့်ရှုအားပေးခ၍ ဝန်ထမ်းများအား ရင်းရင်းလိုက်လံနှုတ်ဆက်ကာ အမှတ်တရဓာတ်ပုံရိုက်ကူး၍ ပြည်နယ်အုပ်ချုပ်ရေးမှူးမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အငြိမ်းစား အရာရှိကြီးများအား ကန်တော့ခဲ့ပြီး ဂါရဝပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)