ဇီးကုန်း နိုဝင်ဘာ ၇
လယ်ယာကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးနှံအမျိုးအစားအလိုက် ပန်းတိုင်အထွက်နှုန်းကျော်လွန်ထွက်ရှိအောင် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့သည့် ထူးချွန်တောင်သူများနှင့် သီးထပ်စွမ်းအားနှင့်သီးနှံစိုက်စွမ်းအားတိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့သည့် ကျေးရွာအုပ်စုများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ကကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် စိုက်ပျိုးသီးနှံများ အထွက်နှုန်းတိုးတက်ကောင်းမွန်စေရေးနှင့် စီးပွားရေးတွက်ခြေကိုက်သီးနှံများအား မှန်ကန်စွာရွေးချယ်စိုက်ပျိုးကြရန်သို့မှသာ စီးပွားရေးအဆင်ပြေပြီးလူမှုဘဝများ တိုးတက်မြင့်မားလာစေပြီး နိုင်ငံတော်၏ထုတ်ကုန်တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ မိမိမြို့နယ်အနေနှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု နှစ်စဉ်တိုးတက်လာကြောင်းနှင့် ဆက်လက်ကောင်းမွန်အောင် ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က သီးနှံအမျိုးအစားအလိုက် ပန်းတိုင်အထွက်နှုန်းကျော်လွန်ထွက်ရှိအောင် စိုက်ပျိုး ထုတ်လုပ်နိုင်ခဲ့သည့် ထူးချွန်တောင်သူများနှင့် သီးထပ်စွမ်းအားနှင့်သီးနှံစိုက်စွမ်းအားတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့်တောင်သူတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များအား ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဂုဏ်ပြုချီးမြှင့်ရာတွင် မိုးစပါးသီးနှံ စိုက်ပျိုးထုတ်လုပ်မှု ထူးချွန်ဆု၊ နွေစပါးသီးနှံ စိုက်ပျိုးထုတ်လုပ်မှု ထူးချွန်ဆု၊ မတ်ပဲသီးနှံ စိုက်ပျိုးထုတ်လုပ်မှု ထူးချွန်ဆု၊ ပဲတီစိမ်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှု ထူးချွန်ဆု၊ မြေပဲသီးနှံ စိုက်ပျိုးထုတ်လုပ်မှု ထူးချွန်ဆု၊ နှမ်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှု ထူးချွန်ဆုနှင့် သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအားတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့်တောင်သူဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)