မင်းဘူး နိုဝင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ (ငွေလုံးငွေရင်း)ခွင့်ပြုရန်ပုံငွေများဖြင့် ကျေးလက်လမ်း (၃) လမ်းကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ရွာသာယာကျေးရွာ အဝင်လမ်းအား မူလကျောက်လမ်းပေါ်တွင် လမ်းအကျယ် (၄) ဒသမ (၂၇) မီတာ၊ ထု (၁၇၅) မီလီမီတာ၊ လမ်းအရှည် (၀/၅) ဒသမ (၁၇) မိုင်အား ကွန်ကရစ်လမ်းခင်းပြီး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ခွင့်ပြုငွေ (၁၄၂) ဒသမ (၉၇၀) ကျပ်သန်း၊ ဆင်လမ်းကြီး-ရေပေါ်ကြီး ကျေးရွာချင်းဆက်လမ်းအား လမ်းအရှည် (၅/၀) မိုင်အား မြေသားတာဘောင်ချဲ့၍ လမ်းအကျယ် (၅) ဒသမ (၄၉) မီတာ၊ ထု (၂၀၀) မီလီမီတာ မြေနီလမ်းခင်းခြင်း လုပ်ငန်းကို ခွင့်ပြုငွေ (၂၂၅) ဒသမ (၂၆၀) ကျပ်သန်း၊ မကျီးစု-ပေါက်ပင်တွင်း ကျေးရွာချင်းဆက် လမ်းအား လမ်းအရှည် (၂/၄) မိုင်အား မြေသားတာဘောင်ချဲ့၍ အကျယ် (၅) ဒသမ (၄၉) မီတာ၊ ထု (၂၀၀) မီလီမီတာ မြေနီလမ်းခင်းခြင်းလုပ်ငန်းကို ခွင့်ပြုငွေ (၁၁၂) ဒသမ (၆၄၄) ကျပ်သန်းတို့ဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျေးလက်နှင့်မြို့ပြ ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်မရှိစေရန် ကျေးလက်လမ်းများနှင့် တံတားများကို ခရီးစဉ်လမ်းညွှန်ချက်နှင့် ကျေးရွာအဖွဲ့အစည်းများမှ လျာထားတင်ပြချက်များအပေါ်မူတည်၍ ယခုလို အဆင့်မြှင့်တင် ဆောင်ရွက် ပေးရခြင်းဖြစ်ကြောင်း၊ ယခုဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေမှ စုစုပေါင်းခွင့်ပြုငွေ (၄၈၀) ဒသမ (၈၇၄) ကျပ်သန်းဖြင့် မြို့နယ်အတွင်းရှိ ကျေးလက်လမ်း (၃) လမ်း၊ မိုင်အားဖြင့် (၈/၁) ဒသမ (၁၇) မိုင်ကို ၂၀၂၄ ခုနှစ်၊ ဇွန်လမှစတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုလက်ရှိ လုပ်ငန်းများအားလုံး (၆၀) ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ လကုန်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ရွှေစင်ဦးက ပြောသည်။
အဆိုပါလမ်းများ ဆောင်ရွက်ပြီးပါက ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများသာမက လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူ ပြုစေမှာဖြစ်ပြီး လယ်ယာထုတ်ကုန်များကို သွားလာရေး လွယ်ကူချောမွေ့ အဆင်ပြေစွာဖြင့် ဈေးကွက်သို့ အချိန်မီ တင်ပို့ရောင်းချနိုင်မှာ ဖြစ်သည့်အတွက် များစွာအကျိုးဖြစ်ထွန်းစေနိုင်မည် ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)