ကြံခင်းမြို့ရှိ အခြေခံပညာမူလတန်းကျောင်း (မြို့မတောင်)တွင် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်

ကြံခင်း နိုဝင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊  မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ မြို့မရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း(မြို့မတောင်)တွင် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါကျောင်းရှိ စုဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခြေခံပညာမူလတန်းကျောင်း(မြို့မတောင်) ကျောင်းတာဝန်ခံ ဒေါ်သူဇာဆွေက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေမှ ဗဟုသုတ အသိအလိမ္မာများရရှိစေရန်၊ အမှားအမှန် ခွဲခြားတတ်လာစေရန် စသည့်ရည်ရွယ်ချက် ကောင်းများစွာဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားပြီးနောက် လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပေးခဲ့ရာ ဆုရရှိသူများအား အမှတ်တရဆု လက်ဆောင်များ ပေးအပ်ခဲ့သည်။

ထို့နောက် စာပေဖတ်ရှုတတ်သည့် အလေ့အထရရှိစေရေး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်များကို ငှားရမ်းပြသပေးခြင်းနှင့် အသိပညာဗဟုသုတရရှိ စေရန်အတွက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံများပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)