ကန်ကြီးထောင့် နိုဝင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြိုနယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြုလုပ်သည့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးငြိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့ညနေပိုင်းက အမှတ်(၁)ရပ်ကွက်ရှိ မြို့မစျေးသစ်တွင် ဆောင်ရွက်ခဲ့ကြသည်။
ရှေ့ဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုးက မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွား၊ မပေါ်ပေါက်စေရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် လျှပ်စစ်မီးများအသုံးပြုရာတွင် မီးဘေးလုံခြုံရေး အသိသတိဖြင့် အလေးထားလိုက်နာဆောင်ရွက်ကြရန်၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊သဲပုံးနှင့် မီးသတ်ဆေးဘူများ စသည့် ကနဦးမီးငြှိမ်းသတ်ရေးပစ္စည်းများအား ဆောင်ရွက်ထားရှိစေရန်နှင့် မီးလောင်မှုဖြစ်ပွားပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်နှင့်တပြေးညီ သတင်းပေးပို့ကြရန် စသည်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး လက်ထောက်မီးသတ်ဦးစီးမှူး ဦးထက်နိုင်ထွန်းက မီးဘေးအန္တရာယ်ကြုံတွေ့လာပါက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ရာ၌ မီးသတ်ဆေးဘူးအား အသုံးပြုနည်း၊ မီးသတ်ဆေးဘူးနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မီးသတ်ဆေးဗူးကို အသုံးပြု၍ မီးငြိမ်းသတ်နည်း၊ ရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြှိမ်းသတ်နည်း၊ gas မီးဖိုများ မတော်တဆမီးလောင်မှုဖြစ်ပွားပါက အရေးပေါ်ငြှိမ်းသတ်နည်းများနှင့် မီးငြိမ်းသတ်ယာဉ်များဖြင့် မီးငြိမ်းသတ်နည်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် ဈေးသူ၊ ဈေးသားများအား လက်တွေ့သရုပ်ပြသလေ့ကျင့်ပေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)