ကားလမ်းမပေါ် သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့နေမှုအား ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရန် သွားရောက်ခုတ်ထွင်ရှင်းလင်း

ပွင့်ဖြူ နိုဝင်ဘာ ၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ယမန်နေ့နံနက် ၆ နာရီအချိန်ခန့်က ကံသာကြီးကျေးရွာအနီး ပွင့်ဖြူ-မင်းဘူး-မကွေးသွား ကားလမ်းတွင် သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားနေကြောင်း သိရ၍ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူ့အကျိုးပြု သွားရောက်ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

အဆိုပါ ကားလမ်းမပေါ်လဲကျသည့် သစ်ပင်အား ပြည်သူများ ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့်ပူးပေါင်းပြီး စနစ်တကျခုတ်ထွင်ရှင်းလင်းဆောင်ရွက်ခဲ့ရာ ယခုအခါခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်းနှင့် အဆိုပါသစ်ပင်လဲကျမှုကြောင့် အခြား လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်က ပြောပြသည်။

ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မိုးရာသီကာလတွင် ကြုံတွေ့ရလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး ပြည်သူများ အန္တရာယ်ကင်းဝေးစေရန်အတွက် ပြည်သူ့အကျိုးပြု ကူညီဆောင်ရွက်ပေးခြင်း၊ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်း စသည့် သဘာဝဘေးအန္တရာယ် တုံ့ပြန်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)