မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူးခရိုင် ပြည်သူ့ဆေးရုံကြီးရှိ ကုသဆောင်များတွင် ဆေးကုသမှုခံယူနေသော လူနာများနှင့် ဆေးရုံဝန်ထမ်းများအား တွေ့ဆုံအားပေး

မကွေး နိုဝင်ဘာ ၇

မကွေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ မင်းဘူးမြို့၊ အမှတ် (၂) ရပ်ကွက်၊ မင်းဘူးခရိုင် ပြည်သူ့ဆေးရုံကြီးရှိ ကုသဆောင်များတွင် ဆေးကုသမှုခံယူနေသော လူနာများအား တွေ့ဆုံအားပေးကာ၊ ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆေးရုံဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။

ဦးစွာ တိုင်းဒေသကြီး၀န်ကြီးချုပ်နှင့် တာ၀န်ရှိသူများသည် မင်းဘူးခရိုင် ပြည်သူ့ဆေးရုံကြီးရှိ ကုသဆောင်များတွင် ဆေးကုသမှုခံယူနေသော လူနာများအားတွေ့ဆုံ၍ အားပေးစကားများ‌ ပြောကြားကာ၊ ခရိုင်ပြည်သူ့ဆေးရုံ ဆေးကုသမှုခံယူနေသော လူနာ (၅၉) ဦးအား အာဟာရစား‌သာက်ဖွယ်ရာ ပေါင်မုန့်၊ ကြက်ဥနှင့် ကွေကာအုပ်များ ထောက်ပံ့ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာ၀န်ရှိသူများသည်  ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌  ဆေးရုံအုပ်ကြီး ဒေါက်တာအေးမြဝင်းနှင့် ဆေးရုံဝန်ထမ်းများအား တွေ့ဆုံ၍ တိုင်းဒေသကြီး၀န်ကြီးချုပ်က ဆေးရုံကြီးနှင့် ၀န်ထမ်းများ၏ လိုအပ်ချက်များနှင့်ပတ်သက်၍ မေးမြန်းကာ၊ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ၊ ၀န်ထမ်းများအတွက် ဂုဏ်ပြုထောက်ပံ့ငွေ (၁၀) သိန်းကျပ်အား ချီးမြှင့်ပေးအပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ ပြည်သူ့ဆေးရုံကြီးသည် ခုတင် (၂၀၀) ဆံ့ ဆေးရုံကြီးဖြစ်ပြီး၊ ခရိုင်အတွင်းရှိ မြို့နယ်များမှ ပြည်သူများအား အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ဝန်ဆောင်မှုပေးလျက်ရှိပြီး၊ မင်းဘူးပြည်သူ့ဆေးရုံကြီး ဆေးကုသဆောင်များအနေဖြင့် ဖျားနားကုသဆောင်၊ ခွဲစိတ်ဆောင်၊ သားဖွားမီးယပ်ဆောင်၊ ကလေးဆောင်၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ မျက်စိ၊ အရိုးနှင့်ဓာတ်ခွဲဓာတ်မှန်ဆောင်များ ဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အထူးကုပြင်ပ လူနာကြည့်ရှုမှုအနေဖြင့် အပတ်စဉ်တနင်္လာနေ့မှ သောကြာနေ့အထိ ပုံမှန်ရုံးချိန်များမှာ ကြည့်ရှုစောင့်ရှောက်ပေးလျက်ရှိကြောင်း မင်းဘူးမြို့ ပြည်သူ့ဆေးရုံကြီ ဆေးရုံအုပ်ကြီးထံမှ သိရသည်။

မောင်ညီညာ