ဓနုဖြူမြို့နယ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် လူမှုစီးပွားမြှင့်တင်ရေးစီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုများအား တာဝန်ရှိသူများမှကွင်းဆင်းကြည့်ရှုစစ်ဆေး

ဓနုဖြူ နိုဝင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ထီကွေ့ကျေးရွာ ငွေတိုးစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုဘဏ္ဍာရံပုံငွေမှ လူမှုစီးပွားမြှင့်တင်ရေးစီမံကိန်းလုပ်ငန်း (Pilot Project) ဖြင့် ဆောင်ရွက်သော လုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက သမဝါယမညွှန်ကြားရေးမှူးချုပ်ရုံး (နေပြည်တော်) မှ ညွှန်ကြားရေးမှူး ဦးမျိုးအောင်၊ ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းအေးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဓနုဖြူမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိမွန်က နိုင်ငံတော်ကပံ့ပိုးပေးသော (၁၁၂) သိန်းဖြင့် အသင်းသားများလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ညွှန်ကြားရေးမှူး ဦးမျိုးအောင်က အသင်းသားများနှင့်တွေ့ဆုံ၍ လိုသပ်သည်များအားလမ်းညွှန်မှာကြားခဲ့ပြီး အသင်းသား ဦးမောင်ဝင်း၏ ဝက်မွေးမြူရေးခြံသို့သွားရောက်ကာ ကွင်းဆင်းကြည့်ရှုစစ်ဆေး အားပေးခဲ့ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)