မကွေး နိုဝင်ဘာ ၆
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မကွေး)သို့ရောက်ရှိပြီး ဆောက်လုပ်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး၊ သင်တန်း သား၊ သင်တန်းသူများအား တွေ့ဆုံကာ လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။
ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ သင်ခန်းစာသင်ယူနေမှုကို ကြည့်ရှုအားပေးခဲ့ပြီး သင်ခန်းစာပို့ချမှု အခြေအနေနှင့်ပတ်သက်၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် သင်တန်းကျောင်းတွင် တည်ဆောက်လျက်ရှိသည့် ထမင်းစားဆောင်၊ ကျောင်းရုံး ခန်းမနှင့် ဟောခန်းတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီမှ တာဝန်ရှိသူများက ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းကျောင်းခန်းမ၌ ဆရာ၊ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံတော်ဖွံဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိက စွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များဖြစ်စေရန် ရည်ရွယ်၍ လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးအတွက် နိုင်ငံတော်က သက်ဆိုင်ရာကဏ္ဍအသီးသီးမှ လူငယ်လူရွယ်များ၏ အနာဂတ်အတွက် အသက်မွေးကျောင်းပြုနိုင်ရန် ပုံဖော်ပေးလျက်ရှိရာ သမဝါယမကဏ္ဍအနေဖြင့် စာရင်းကိုင်ပညာ၊ ကွန်ပျူတာပညာရပ်တိုဖြင့် အသက်မွေးဝမ်းကျောင်း ပြုနိုင်ရန် သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းကို အဆင့်မြှင့်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ဆရာ၊ဆရာမများအနေဖြင့်လဲ မိမိတိုကျရာတာဝန်အပြင် သင်တန်းသား/သင်တန်းသူများအပေါ် မိမိတို၏ သားသမီး၊ ညီအကို မောင်နှမအရင်းအချာများကဲ့သို မှတ်ယူပြီး မိမိတို၏ ပညာရပ်ဆိုင်ရာ အတွေ့အကြုံ ဗဟုသုတများကို စေတနာအပြည့်ဖြင့် လက်ဆင့်ကမ်းမျှဝေပေးကြစေလိုကြောင်း၊ ထို့ပြင် မိမိတို့ကျောင်း၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ အမျိုးသားရေး စိတ်ဓါတ်နှင့်လူမှုရေးစိတ်ဓါတ် အခြေခံပြည့်ဝတဲ့ သမဝါယမစီးပွားရေး အတတ်ပညာကျွမ်းကျင်တဲ့ သင်တန်းသား/သင်တန်းသူများဖြစ်အောင် လေ့ကျင့်သင်ကြားပေးကြစေလိုကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း ပညာသင်ကြားရာတွင် နိုင်ငံတော်မှ သင်ကြားရေး၊ စားသောက်ရေး၊ နေထိုင်ရေးနှင့် ပညာသင်စရိတ်များ ထောက်ပံ့ပေးပြီး၊ သင်တန်းပြီးမြောက်ပါက အလုပ်အကိုင်ရရှိရေးကိုပါ ချိတ်ဆက်ဆောင်ရွက်ပေးသည့်အတွက် ကြိုးကြိုးစားစားနဲ့ သင်ယူလေ့လာမှတ်ကြရန်နှင့် သမဝါယမစာရင်းရေး၊ စာရင်းကိုင်နှင့်စာရင်းကိုင် ကွန်ပျူတာပညာကို တတ်ကျွမ်းသော ယဉ်ကျေးလိမ္မာတဲ့ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများအောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပထမနှစ်သင်တန်းသားနှင့် ဒုတိယနှစ် သင်တန်းသားများအတွက် ပညာသင်ထောက်ပံ့စရိတ် ငွေကျပ်(၇)သိန်းအား ပေးအပ်ရာ သင်တန်းသား တစ်ဦးအား လက်ခံရယူခဲ့ကြောင်း သိရသည်။
မောင်ညီညာ