ဟင်္သာတ နိုဝင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ဟင်္သာတ မြို့နယ်တွင် (၃၆) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများစုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီကဟင်္သာတခရိုင်ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်တွင် ပြုလုပ်ခဲ့သည်။
သွေးလှူဒါန်းပွဲတွင် ခရိုင်ပြည်သူ့ဆေးရုံကြီးသွေးလှူဘဏ်မှ ကျန်းမာရေးဝန်ထမ်းများက စုပေါင်းသွေးလှူဒါန်းကြသော ခရိုင်နှင့်မြို့နယ်များမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား သွေးပေါင်ချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ သွေးအမျိုးအစားခွဲခြင်းများဆောင်ရွက်ပေးခဲ့ကြပြီး ထွေ/အုပ်ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းမှုအား ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုး၊ ခရိုင်အမျိုးသမီးရေးရာနှင့် မိခင်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်သန္တာဦး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်၊ ဟင်္သာတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်း၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်ကလေးစောင့်ရှောက်အဖွဲ့ဥက္ကဋ္ဌ ဒေါ်အိအိခင်နှင့် တာဝန်ရှိသူများတို့မှ လိုက်လံကြည့်ရှုအားပေးကာ သွေးလှူရှင်ဝန်ထမ်းများအား အဟာရဖြည့်စွက်စာအဖြစ် ကြက်ဥများ၊ အားဖြည့်အချိုရည်များ၊ ကိတ်မုန့်များ၊ အားဆေးများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါ (၃၆)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟင်္သာတခရိုင်ရုံးနှင့် ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ လေးမျက်နှာမြို့နယ်များမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်း (၂၅)ဦးတို့က သွေးအမျိုးအစားများအလိုက် စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)