ပြည် နိုဝင်ဘာ ၆
ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့နယ် မြန်မာနိုင်ငံစာရေး ဆရာအသင်းတို့ပူးပေါင်း ဆောင်ရွက်သော လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ပြည်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ အဆိုပါကျောင်းမှ ဆရာ၊ ဆရာမများနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၀၀ ဦးခန့်တက်ရောက်ကြသည်။
ဟောပြောပွဲတွင် ဦးစွာ ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကိုသန့်က ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်မှုရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြောကြားပြီး ပြည်မြို့နယ် စာရေးဆရာအသင်းမှ စာပေဗိမာန်စာမူဆုရ စာရေးဆရာ ကနောင်နိုင်နွယ်ဦးက “ရွှေနှင့်ရိုးမှားပန်းစကား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ စိုးဇော်လှိုင်(ဆင်မြီးဆွဲ)က “ဖတ်ပါ၊ မှတ်ပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း ကဗျာရေးစပ်နည်းအပါအဝင် သုတ/ရသစာပေဆိုင်ရာ ဗဟုသုတအကြောင်းများကို အသိပညာပေးဟောပြောခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြသည်။
ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသပေးထားသော စာဖတ်ရှိန်မြှင့်တင်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် သိမှတ်ဖွယ်အသိပညာပေးနံရံကပ်စာစောင်များနှင့် နယ်လှည့်စာကြည့်တိုက်သုံးဘီးယာဉ်မှ သုတ/ရသစာအုပ်များကို စိတ်ဝင်တစားဖတ်ရှုလေ့လာ မှတ်သားကြကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)