လေးမျက်နှာမြို့နယ်တွင် ဒေသခံပြည်သူများ၏ လူနေမှုဘဝမြှင့်တင်ရေး အထောက်အကူပြု ကြိမ်နှင့်ဝါး လက်မှုပညာ အခြေခံသင်တန်းဖွင့်ပွဲကျင်းပ

လေးမျက်နှာ နိုဝင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ပြည်ငြိမ်းအေးကျောင်းတိုက် ဓမ္မာရုံတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ကြီးမှူး၍ လေးမျက်နှာမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ လူနေမှုဘဝမြှင့်တင်ရေး အထောက်အကူပြု ကြိမ်နှင့်ဝါး လက်မှုပညာ အခြေခံသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ ဟင်္သာတခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းနိုင်က ကြိမ်နှင့်ဝါးလက်မှုပညာအခြေခံသင်တန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်က ဒေသခံပြည်သူများ၏ လူနေမှုဘဝမြှင့်တင်ရေး အထောက်အကူပြု ကြိမ်နှင့်ဝါးသယံဇာတများ စဉ်ဆက်မပြတ် အသုံးချမှုနည်းပညာနှင့် အသက်မွေးဝမ်းကြောင်း ပညာပေးသင်တန်း၏ အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ကြိမ်နှင့်ဝါး လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးတင်မျိုးဆန်းက ကြိမ်နှင့်ဝါးလုပ်ငန်းများ၏ နည်းပညာများနှင့် MSME ဆိုင်ရာ အခန်းကဏ္ဍနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ သင်တန်းကို (၄-၁၀-၂၀၂၄)ရက်နေ့မှ (၈-၁၀-၂၀၂၄)ရက်နေ့အထိ (၅)ရက်ဖွင့်လှစ်မည်ဖြစ်ပြီး ဟင်္သာတ၊ လေးမျက်နှာ၊ အင်္ဂပူ၊ မြန်အောင်၊ ကြံခင်း (၅)မြို့နယ်မှ သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးအား သင်တန်းနည်းပြ(၄)ဦးက စာတွေ့ရော လက်တွေ့ပါ သင်ကြားသွားမည်ဖြစ်သည်။

သင်တန်းသို့ ဟင်္သာတခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းနိုင်၊ လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် အဖွဲ့ဝင်များ၊ လေးမျက်နှာမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြိမ်နှင့်ဝါး လုပ်ငန်းရှင်များအသင်းအထွေထွေအတွင်းရေးမှူး ဦးတင်မျိုးဆန်း၊ သင်တန်းတက်ရောက်မည့် သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မိုးသက်ကို(ပြန်/ဆက်)