ဟင်္သာတခရိုင်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄)ကျင်းပပြုလုပ်

ဟင်္သာတ နိုဝင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၄ ရက်နေ့ ညနေပိုင်းက ၂၀၂၄ ခုနှစ် ခရိုင်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂ဝ၂၄) ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်မြင့်စိုးက အဖွင့်အမှာစကား ပြောကြားရာတွင် စုပေါင်းမဟာဘုံကထိန်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကျင်းပ‌ရေးဦးစီးကော်မတီ၊ လုပ်ငန်းဆပ်ကော်မတီများကို ဖွဲ့စည်းတာဝန်ပေးအပ် ထားပြီးဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးသည် ကော်မတီများအလိုက် စီမံဆောင်ရွက်ထားမှုတို့အား အပြီးသတ်အတည်ပြု လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ဆောင်ရွက်ရမည်ဖြစ်ရာ သက်ဆိုင်ရာရုံးဌာနများအလိုက်ပဒေသာပင်နှင့် အလှူငွေများ သတ်မှတ်ရက်အတွင်း ထည့်ဝင်လှူဒါန်း‌ပေးစေလိုပါကြောင်း၊ စု‌ပေါင်းမဟာဘုံကထိန် ပွဲတော်အား တန်ဆောင်းမုန်းလပြည့်နေ့၌ ကျင်းပမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ကျင်းပရေးဦးစီးကော်မတီ အဖွဲ့ဝင်များ၊ လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့မှ မိမိတို့ကော်မတီအလိုက် ဆောင်ရွက်ထားသည့်အခြေအနေများအား အသီးသီးဆွေးနွေးတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)