မကွေး နိုဝင်ဘာ ၅
မကွေးတိုင်းဒေသကြီး(၃၇)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စုပေါင်းဘုံကထိန်ဖြစ်မြောက်ရေး ဦးစီးကော်မတီနာယက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ စုပေါင်းဘုံကထိန်ဖြစ်မြောက်ရေးဦးစီးကော်မတီ နာယက၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် မိမိတို့မြန်မာလူမျိုးတို့၏ နှစ်စဉ် ကျင်းပနေမြဲဖြစ်သော စုပေါင်းမဟာဘုံကထိန်သည် နှစ်စဉ် အစဉ်အလာမပျက် ကျင်းပဆောင်ရွက်လျက်ရှိပြီး အစဉ်ထိန်းသိမ်းဆောင်ရွက်ရမည့် ရိုးရာယဉ်ကျေးမှု တစ်ခုပင်ဖြစ်ပါကြောင်း၊ စုပေါင်းဘုံကထိန်ကို နှစ်စဉ် ကျင်းပခဲ့သည်မှာ ယခုနှစ်ဆိုလျင်(၃၇)ကြိမ်မြောက်အထိ လှူဒါန်းနိုင်ပြီဖြစ်ပါကြောင်း၊(၃၇)ကြိမ်မြောက် စုပေါင်းဘုံကထိန်ပွဲအား ၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁၄)ရက်နေ့တွင် မကွေးမြို့၊ ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်း၌ နှစ်စဉ်နှစ်တိုင်း ဝါကျွတ်ပြီးချိန်တွင် မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာအရ အစဉ်အလာမပျက် အောင်မြင်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ယခင် ၂၀၂၃ ခုနှစ်တွင် (၃၆) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကို မကွေးမြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများစုပေါင်း၍ ပဒေသာပင် အရေအတွက်(၉၀)ပင်၊ စုစုပေါင်း လှူဒါန်းငွေ သိန်း(၆၀၀) ကျော်ခန့် လှူဒါန်းနိုင်ခဲ့ကြောင်း၊ ယခုနှစ် ၂၀၂၄ ခုနှစ်တွင်လည်း ယခင်နှစ်များနည်းတူ စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက် သွားနိုင်ရေးအတွက် ယခုအစည်းအဝေးအား ကျင်းပဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ကထိန်ပွဲ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ဆောင်ရွက်နိုင်ရေးနှင့် လုံခြုံရေးဆိုင်ရာ လိုအပ်ချက်များ မဖြစ်ပေါ်စေရေး တပ်မတော်၊ ရဲတပ်ဖွဲ့နှင့်ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး(၃၇)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်က တိုင်းဒေသကြီး စုပေါင်းမဟာဘုံကထိန် အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လုပ်ငန်းဆပ်ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ အစည်းအဝေးသို့ တက်ရောက်လာသည့် လုပ်ငန်းဆပ်ကော်မတီအသီးသီးမှဥက္ကဋ္ဌများနှင့် ဌာနအကြီးအကဲများက မကွေးတိုင်းဒေသကြီး(၃၇)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အောင်မြင်စွာကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကာ ဆွေးနွေးတင်ပြချက်များအပေါ် စုပေါင်းဘုံကထိန်ဖြစ်မြောက်ရေးဦးစီးကော်မတီ နာယက၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်ညီညာ