ပေါင်းတည်၌ သမဝါယမအသင်းသားများသို့ ဆီထွက်သီးနှံ ဆောင်းနေကြာမျိုးစေ့များ ပေးအပ်

ပေါင်းတည် နိုဝင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ဆောင်းရာသီ ဆီထွက်သီးနှံ နေကြာစိုက်ပျိုးရေးအတွက် မြို့နယ်သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းစုလီမိတက်တို့၏ သမဝါယမကဏ္ဍမှ နေကြာမျိုးစေ့ပေးအပ်ပွဲကို ယနေ့နံနက်၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နဝရတ်ခန်းမ၌ ကျင်းပြုလုပ်သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်က အဖွင့်အမှာစကား ပြောကြားရာ တက်ရောက်လာကြသည့် ဆီထွက်သီးနှံ စိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများအား ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးအတွက် နှစ်သီးစား၊ သုံးသီးစား စိုက်ပျိုးနိုင်ရေးကိုနိုင်ငံတော်မှ အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ဆီထွက်သီးနှံများ ဖြစ်ထွန်းအောင်မြင်ရေး၊ ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်စေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။ ဆက်လက်၍ ဆီထွက်သီးနှံ ထုတ်ကုန်တိုးတက်မြင့်မားရေးအတွက် တာဝန်ရှိသူများက တောင်သူများနှင့် ဆွေးနွေး​ကြသည်။

ထိုဆီထွက်သီးနှံ စိုက်ပျိုးရေးအတွက် နေကြာမျိုးစေ့များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဝေလွင်ဦး၊ အဖွဲ့ဝင်(၂) ဦးအေးကျော်၊ အတွင်းရေးမှူး ရဲမှူးမြင့်ဇော်နိုင်တို့နှင့်အတူ သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးခိုင်၊ သမဝါယမအသင်းစုမှ တာဝန်ရှိသူများနှင့် မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီအဖွဲ့မှ တာဝန်ရှိသူများက အခြေခံသမဝါယမအသင်းသားတောင်သူများအား ရေဆင်းစပ်မျိုး(၁) နေကြာမျိုးစေ့များ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ သမဝါယမကဏ္ဍမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဆီထွက်သီးနှံစီမံကိန်းအတွက် အခြေခံသမဝါယမ အသင်း ၁၄ သင်းမှ အသင်းသားတောင်သူ ၅၀ ဦး၏ စိုက်ပျိုးမြေ ၃၆၀ ဧကတွင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေသား(ပြန်/ဆက်)