ပြည်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းသားများ ပါဝင်ဆောင်ရွက်မှု တိုးမြင့်စေရန် အစပျိုးလှုပ်ရှားမှုများ Student participation initiative SPI အကောင်အထည်ဖော်ရေး လုပ်ငန်းမြို့နယ်အဆင့် ဆွေးနွေးပွဲ ကျင်းပ

ပြည် နိုဝင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း ပညာ့ရိပ်မွန်ခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းသားများ ပါဝင်ဆောင်ရွက်မှု တိုးမြင့်စေရန် အစပျိုးလှုပ်ရှားမှုများ Student participation initiative SPI အကောင်အထည်ဖော်ရေးလုပ်ငန်း မြို့နယ်အဆင့်ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲသို့ ပြည်မြို့နယ်ပညာရေးမှူးရုံးမှ ဝန်ထမ်းနှစ်ဦး အပါအဝင် မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၊ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီး ၇၆ ဦးနှင့် နည်းပြ ၄ ဦး၊ စုစုပေါင်း ၈၂ ဦး တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ဦးစွာပြည်ခရိုင်ပညာရေးမှူး ဒေါ်စန်းစန်းဝင်းက အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်နော်အေးမေက အခြေခံပညာကျောင်းသား၊ကျောင်းသူများအား ကျောင်းနေဘဝကို ပိုမိုနှစ်သက်ပျော်ရွှင်ပြီး ကလေးများ ကျောင်းနေမြဲရန်နှင့် ကျောင်းပြင်ပရောက်ကလေးများကျောင်းသို့ ပြန်လည်ရောက်ရှိလာစေရန်၊ ၂၁ ရာစု လူငယ် (ဆယ်ကျော်သက်)များအတွက် အရေးပါသည့် ကောင်းမွန်သော ဘဝနေထိုင်မှုဆိုင်ရာ အသိပညာများ၊ ကျွမ်းကျင်မှုများနှင့် စိတ်နေသဘောထားများ ဖွံ့ဖြိုးလာစေရန်နှင့် နိုင်ငံ့သားကောင်းများ၊ ကမ္ဘာ့နိုင်ငံသားကောင်းများ ဖြစ်လာစေရန်၊ အသင်းအဖွဲ့လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် အများနှင့်ပူးပေါင်းဆောင်ရွက်တတ်မှု၊ ဆက်သွယ်ပြောဆိုတတ်မှု၊ အပြန်အလှန် လေးစားမှု၊ ညှိနှိုင်းဆောင်ရွက်တတ်မှုစသည့် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ကျွမ်းကျင်မှုများ ဖွံ့ဖြိုးလာစေရန် ရည်ရွယ်ချက်များဖြင့် ဆွေးနွေးပွဲ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲကို နိုဝင်ဘာ ၄ ရက်မှ ၆ ရက်နေ့အထိ ဆွေးနွေးပွဲကာလ ၃ရက်ကြာ ပြုလုပ်ခြင်းဖြစ်ပြီး ဆွေးနွေးပွဲတွင် ကျောင်းသားများ ပါဝင်ဆောင်ရွက်မှု တိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှုများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သိရှိရမည့် အခြေခံအချက်များ၊ အခြေခံမူများ၊ ရည်ရွယ်ချက်များနှင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုး တက်ရေး အပါအဝင် ကဏ္ဍအလိုက် ကျောင်းသား၊ မိဘ၊ဆရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ဆောင်ရွက်ရမည့် အချက်များကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)