ဒေးဒရဲမြို့အတွင်းရှိ စျေးများ၌  မီးဘေးလုံခြုံရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဒေးဒရဲ နိုဝင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၌ ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အညီ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ မီးဘေးလုံခြုံရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်း စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာကို ယနေ့နံနက်(၁၁) နာရီအချိန်က အမှတ် (၁) ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီးအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော် ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးဝဏ္ဏထွန်းနှင့် တာဝန်ရှိသူ များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဟန်ဝင်းစိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ စျေးကော်မတီဝင်များက မြို့မစျေးရှိ စျေးဆိုင်ခန်းများတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်များ၊ ရေပုံးများ၊ မီးသတ်ဆေးဘူးစသည့် မီးဘေးကာကွယ်ရေးပစ္စည်းများအား အဆင်သင့်ထားရှိမှု၊ ဆိုင်ခန်းများတွင် တပ်ဆင်ထားသည့် ဟောင်းနွမ်းနေသော လျှပ်စစ်ဝါယာကြိုးများနှင့်  ပျက်စီးနေသော လျှပ်စစ်ပစ္စည်းများအား အသုံးမပြုကြရန်၊  အစားအစာ ချက်ပြုတ်ရောင်းချသည့်ဆိုင်များအား မီးကြွင်း၊ မီးကျန်များအား စနစ်တကျမီးငြှိမ်းသတ်ကြရန်နှင့် မတော်တဆ မီးလောင်မှုဖြစ်ပွားပါက ပြည်သူများကိုယ်တိုင် မီးငြှိမ်းသတ်နိုင်သည့် နည်းစနစ်များ၊ မီးဘေးအန္တရာယ် ကြုံတွေ့ချိန်တွင် အသက်အန္တရာယ် မထိခိုက်စေရေး ဆောင်ရွက်ရမည့်အချက်များနှင့် မီးလောင်ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်စသည်တို့ကို စစ်ဆေးအကြံပြုလမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကျန်ရှိသည့် ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်/ကျေးရွာများတွင် နေအိမ်များမီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ၊ ကျောင်အခြေပြု မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကို စဥ်ဆက်မ​​ပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း