ပန်းတောင်း‌မြို့နယ်၊ အ.ထ.က ပန်းတောင်းကျောင်း၌ ကျောင်းသားများပါဝင်ဆောင်ရွက်မှုတိုးမြင့်စေရန် အစပျိုးလှုပ်ရှားမှုများ အကောင်အထည်ဖော်ရေးလုပ်ငန်း(SPI) ဆွေးနွေးပွဲကျင်းပ

ပန်းတောင်း နိုဝင်ဘာ ၄

ပဲခူးတိုင်း‌ဒေသကြီး၊ ပန်းတောင်းမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာရေးဦးစီးဌာန၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသားများ ပါဝင်ဆောင်ရွက်မှုတိုးမြင့်စေရန် အစပျိုးလှုပ်ရှားမှုများ အကောင်အထည်ဖော်ရေးလုပ်ငန်း (Student Participation Initiative -SPI) ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က ပန်းတောင်းကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြည်ခရိုင်၊ ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဆရာမကြီး ဒေါ်လွင်လွင်အောင်မှအဖွင့်အမှာစကားပြောကြား၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာ ကျောင်းများတွင် ကျောင်းသားများ ပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန်၊ အစပျိုးလှုပ်ရှားမှုများ လုပ်ဆောင်ရသည့်အကြောင်းအရင်းများ၊ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များကိုနားလည် သဘောပေါက်စေရန်နှင့် ကျောင်းသားများပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှု (Students Participation Initiative -SPI) အကောင်အထည်ဖော်ရေး မြို့နယ်အဆင့် ဆွေးနွေးပွဲပြုလုပ်ရခြင်း တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

ထို့နောက် သင်တန်းကိုဆက်လက်ကျင်းပရာ အထက်တန်းကျောင်း၊ အထက်တန်း(ခွဲ)ကျောင်း၊ အလယ်တန်းကျောင်း၊ အလယ်တန်း(ခွဲ)ကျောင်း၊ မူလွန်ကျောင်းမှ ကျောင်းအုပ် ဆရာကြီး/ဆရာမကြီး စုစုပေါင်း(၈၅)ဦးတက်ရောက်ခဲ့ပြီး အဆိုပါသင်တန်းကို နိုဝင်ဘာလ(၄)ရက်မှ (၆)ရက်အထိ (၃)ရက်ကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)