ပန်းတောင်း နိုဝင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ထုံးဘိုတိုက်နယ်ဆေးရုံတွင် ပြည်မြို့ကုတင်(၅၀၀)အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်ဦးခေါင်းဆောင်သော အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက လာရောက်ကုသသည့် ဒေသခံပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းကုသဆောင်ရွက်ပေးရာတွင် အထွေထွေရောဂါ၊ ခွဲစိတ်၊ သားဖွားမီးယပ်၊ အရိုးအကြော၊ မျက်စိ၊ ကလေး၊ သွားနှင့်ခံတွင်း စသည်တို့ကို အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း(၃၅)ဦးက (အခမဲ့)ဆေးကုသပေးခြင်းဆောင်ရွက်လျက်ရှိရာ ပြည်မြို့ကုတင်(၅၀၀)အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်ဦး၊ ဒုတိယဆေးရုံအုပ်ကြီးဒေါက်တာဇင်ဇင်ဝေမင်း၊ ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်ပန်းတောင်းမြို့နယ်ကုသရေးဦးစီးဌာနမှူးဒေါက်တာသန်းထိုက်စိုးတို့မှ အခမဲ့ဆေးကုသပေးနေမှုအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ အခမဲ့ဆေးကုသပေးခဲ့ရာ အထွေထွေရောဂါကုသလူနာ(၁၇၄)ဦး၊ မျက်စိရောဂါကုသလူနာ(၉၉)ဦး၊ အရိုး၊ အကြောလူနာ(၈၆)ဦး၊ ခွဲစိတ်လူနာ(၁၄)ဦး၊ ကလေးလူနာ (၂၂)ဦး၊ သားဖွားမီးယပ်လူနာ (၁၆)ဦး၊ သွားနှင့်ခံတွင်းလူနာ(၂၁)ဦး၊ စုစုပေါင်းလူနာ (၄၃၂)ဦးအား အခမဲ့ကုသပေးခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)