ပခုက္ကူ နိုဝင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ကွင်းဆင်းဆောင်ရွက်ကြသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ချိုချိုမာနှင့်ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ လေ့လာသိရှိသင့်သည့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ရေချွေတာသုံးစွဲရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်း၊ သုတ၊ ရသ ဆိုင်ရာစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း၊ ငှားရမ်းဖတ်ရှုစေခြင်းများ ဆောင်ရွက်ကြသည်။
ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ ကိုယ်တိုင်လာရောက်မဖတ်ရှုနိုင်သည့် စာဖတ်ပရိတ်သတ်များ၊ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာပေများ အလွယ်တကူဖတ်ရှုလေ့လာနိုင်စေရေးရည်ရွယ်၍ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း၊ အသိပညာပေးနံရံကပ် စာစောင်ပြသခြင်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)