မြောင်းမြ နိုဝင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် (၃၆)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့(အကြို) မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့ နံနက် ၈ နာရီအချိန်က Happy ဖူဆယ်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပွဲစဉ်(၁)အဖြစ် သိလ္လာအသင်းနှင့် မြို့ပေါ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကြရာ သိလ္လာအသင်းမှ ၄ဂိုး၊ ၂ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဘောလုံးအသင်း (၆)သင်းနှင့် အားကစားသမား စုစုပေါင်း (၄၂) ဦးဝင်ရောက်ယှဉ်ပြိုင်ကြပြီး ယနေ့ နိုဝင်ဘာလ (၁)ရက်နေ့တွင် အပြီးသတ်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ပြီး၊ အနိုင်ရရှိသည့် အသင်းများအား (၃၆)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့တွင် ဆုများချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာ(မြောင်းမြ)