ဘိုကလေး အောက်တိုဘာ ၃၁
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများသည် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်(၁၀)နာရီခွဲအချိန်တွင် ပြုလုပ်သည့် ပညာရေးဘွဲ့(B.Ed) စာပေးစာယူသင်တန်း အမှတ်စဉ် (၄/၂၃)ဒုတိယနှစ် သင်တန်းသား/သူများ ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ကြိုဆိုပွဲအား ဘိုကလေးပညာရေးဒီဂရီကောလိပ် ပညာရေးဘွဲ့(B.Ed) စာပေးစာယူသင်တန်း အမှတ်စဉ် (၄/၂၃)ဒုတိယနှစ် သင်တန်းသား/သူများက “ဘိုကလေးပညာရေးဒီဂရီကောလိပ်ကျောင်းသီချင်း” သီဆို၍ ဖွင့်လှစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ဦးတင်မောင်ဝင်းက ယခုသင်တန်းသို့ တက်ရောက်နေကြသော သင်တန်းသား/သူများ၊ ဆရာ/မကြီးများအနေဖြင့် မိမိတို့ သက်ဆိုင်ရာမြို့နယ်များ၏ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအား ကြိုးစားအားထုတ် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မိမိတို့ တာဝန်ရှိသူများအနေဖြင့်လည်း အဆိုပါလုပ်ငန်းစဉ်အား ကြိုးပမ်းအားထုတ်ဆောင်ရွက်နေပါကြောင်း၊ ဆရာ/မကြီးများအနေဖြင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သည်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်ပညာရေးမှူးများကဲ့သို့သော တာဝန်ရှိသူများအား တင်ပြရန်လိုအပ်ကြောင်း သင်တန်းသား/သူများအား အမှာစကားပြောကြားသည်။
ထို့နောက် ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲ၊ လပ္ပတ္တာ၊ မော်ကျွန်း၊ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူ၊ ဟင်္သာတ၊ ဇလွန်၊ အိမ်မဲ၊ သာပေါင်း၊ ကျောင်းကုန်းမြို့နယ်များမှ ဘိုကလေးပညာရေးဒီဂရီကောလိပ်သို့ သင်တန်းလာရောက်တက်ရောက်ကြသူများသည် မြို့နယ်အလိုက် တိုင်းဒေသကြီးဝန်ကြီးချုပ်အား မိတ်ဆက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းအတွက် ထောက်ပံ့ငွေ (၁၀)သိန်းအားပေးအပ်ရာ ဘိုကလေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။
အဆိုပါ သင်တန်းအား ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၅)မြို့နယ်က သင်တန်းသား/သူ (၃၅၈)ဦးတက်ရောက်ကြပြီး အောက်တိုဘာ (၁၀)ရက်နေ့မှ သင်တန်းစတင်ဖွင့်လှစ်၍ နိုဝင်ဘာ(၂၂)ရက်နေ့အထိ သင်တန်းတက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)