ပြည်တွင်းပြည်ပမှခရီးသွားများ အသင်္ခယာကျောင်း (ခေါ်) ပထမတိုက်အုတ်ကျောင်း၏ ရှေးခေတ် ပန်းအင်္ဂတေလက်ရာများ လာရောက်လေ့လာကြည့်ရှုနိုင်

မင်းဘူး  အောက်တိုဘာ  ၃၁

စကုမြို့ အသင်္ခယာကျောင်း (ခေါ်) ပထမတိုက်အုတ်ကျောင်း၏ မပျက်မယွင်း တည်ရှိနေသော ရှေးခေတ်အုတ်အင်္ဂတေနှင့် ပြုလုပ်ထားသော ပန်းအင်္ဂတေ ဗိသုကာလက်ရာများမှာ လွန်စွာ ပြောင်မြောက်လှတာကြောင့် လာရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း သိရသည်။

အသင်္ခယာကျောင်း (ခေါ်) ပထမတိုက် အုတ်ကျောင်းသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့၊ မင်းဘူး-စကု ကားလမ်းဘေးရှိ သုံးထပ်ရုပ်စုံ ကျောင်းဝင်းအတွင်းတည်ရှိပြီး အသင်္ခယာမြို့စားမင်းက ဆောက်လုပ်လှူဒါန်းခဲ့သောကြောင့် အသင်္ခယာကျောင်း ဟူ၍လည်းကောင်း၊ ပထမကျော်ဆရာတော် သီတင်းသုံးတော်မူခဲ့သောကြောင့် ပထမတိုက် အုတ်ကျောင်းဟူ၍လည်းကောင်း ခေါ်ကြသည်။

ထိုအုတ်ကျောင်းကြီးကို မြန်သက္ကရာဇ် ၇၅၄ ခုနှစ် တပို့တွဲလဆန်း ၁၀ ရက်နေ့တွင် မင်းကြီးစွာစော်ကဲ ယောက်ဖ အတုလ မိဖုရားကြီး၏ မောင်တော်ကြီး အသင်္ခယာမြို့စားမင်းက လယ်မြေဧက ၆၄၂ ပယ် တစ်စိတ်ပေါ်တွင် ဆောက်လုပ်လှူဒါန်းကာ အလျား ၇၇ ပေခွဲ၊ အနံ ၅၅ ပေနှင့် အမြင့် ၆ပေ ၈ လက်မရှိ၍ အတွင်း ဘက် လိုဏ်ခေါင်း ပတ်လမ်းအကျယ် ၃ ပေ ၈ လက်မရှိသည်။

ယခုအခါ ကျောင်းကြီးအား ရှေးဟောင်းသုတေ သနဌာနမှ ထိန်းသိမ်းစောင့်ရှောက်ထားတာကြောင့် စကုမြို့ အသင်္ခယာကျောင်း၏ အင်္ဂတေဖြင့် ပြုလုပ်ထားသော ချူးပန်း၊ ချူးနွယ်၊ ချူးခက်များမှာ  ထူးကဲစွာ လက်ရာ ပြောင်မြောက်လှတာကြောင့် အခြားအထင်ကရ နေရာများဖြစ်သော ထေရ်ကြီးစေတီ၊ ဘိုးနန်းသူစေတီ၊ မှန်ကင်း ရုပ်စုံကျောင်း၊ သုံးထပ်ရုပ်စုံကျောင်း၊ ကန်ဦးဘုန်းတော်ကြီး ကျောင်းများနည်းတူ ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များ လေ့လာလည်ပတ်စရာ နေရာတစ်ခုအဖြစ် ထင်ကျန်နေခဲ့သည်။

ဇေယျာထက်(မင်းဘူး)