ကြံခင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် ရေကြီးနစ်မြုပ်ခဲ့သည့် ဒေသများအတွက် တိရစ္ဆာန်အစာအိတ်များ ထောက်ပံ့ပေးအပ်

ကြံခင်း  အောက်တိုဘာ  ၂၉

စိုက်ပျိုးရေး  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြန်အောင်ခရိုင်၊  ကြံခင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွင် ယနေ့နံနက်(၉)နာရီအချိန်က ရေကြီးနစ်မြုပ်ခဲ့သည့်ဒေသများအတွက် တိရစ္ဆာန်အစာအိတ် ထောက်ပံ့ပေးအပ်ပွဲ ပြုလုပ်သည်။

ထိုသို့ထောက်ပံ့ပေးခြင်းသည် ဇူလိုင်လအတွင်း သဘာဝဘေး(ရေဘေး) ဖြစ်သဖြင့် ရေကြီးနစ်မြုပ်ခဲ့သော   ဆုံလဲကျေးရွာအုပ်စု၊ မဲကုန်းကျေးရွာအုပ်စု၊ ရေလယ်ကျွန်းကျေးရွာအုပ်စု၊  မြို့မရပ်ကွက်ကျွန်းကြီးတို့တွင် မွေးမြူထားသော တိရစ္ဆာန်များအတွက် နွားစာနုအိတ်(၅၀)အိတ်ကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာဝင်းကိုနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာအုပ်ချုပ်ရေးမှ တာဝန်ရှိသူများအား လက်ဝယ်အရောက် ထပ်ဆင့်ထောက်ပံ့နိုင်ရေး ပေးအပ်ကြသည်။

ကြံခင်းမြို့နယ်အတွင်း သဘာဝဘေးရေဘေးသင့်ဒေသရှိ တိရစ္ဆာန်များအား အစာရေစာ ပြတ်လပ်မှုမရှိစေရေးအတွက် အစာအိတ်ထောက်ပံ့ပေးခြင်းဖြင့် မွေးမြူရေးလုပ်ကိုင်သော ကျေးရွာနေပြည်သူများ မွေးမြူရေးကဏ္ဍမြင့်မားစေရေးနှင့် အကျိုးစီးပွားဖြစ်ထွန်းစေမှာ ဖြစ်ပါကြောင်းနှင့် အဆိုပါအစာအိတ်ထောက်ပံ့ပေးခြင်းမှာ (တတိယ) အကြိမ်မြောက် ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)