ထန်းတပင်မြို့နယ်တွင် မိုးစပါးစံပြကွက်ရိတ်သိမ်းခြင်း အခမ်းအနားကျင်းပ

ထန်းတပင်(ပဲခူး) အောက်တိုဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အောင်မင်္ဂလာကျေးရွာအုပ်စု ကွင်းအမှတ်(၄၅၅) ဦးပိုင်အမှတ်(၅၂/၃)ရှိ တောင်သူ ဦးသိန်းထိုက်၏ ဆင်းသုခစပါးမျိုး စိုက်ခင်းတွင် ယနေ့နံနက် ၁၀ နာရီ အချိန်က စံကွက်အရွယ်အစား (၀.၁၀)ဖြင့် မိုးစပါးစံကွက်ရိတ် သိမ်းပွဲအခမ်းအနား ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့ နယ်ဦးစီးမှူး ဦးကိုကိုစိုး စိုက်ညှိအဖွဲ့ဝင်များ တောင်သူများတက် ရောက်ခဲ့သည်။

စိုက်ပျိုးရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဦးကိုကိုစိုးမှ မိုးစပါးသီးနှံအထွက်နှုန်း တိုးတက်အောင်ဆောင်ရွက်ခဲ့မှုများနှင့် မိုးစပါးအပြီးစိုက်ပျိုးမည့်ဆောင်းသီးနှံများထဲမှ အဓိ ကသီးနှံများဖြစ်သည့် မြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်းသီးနှံများ ပန်းတိုင် အထွက်နှုန်းပြည့်မီကျော်လွန်ရေးအတွက် မျိုးကောင်းမျိုးသန့် ပြောင်းလဲစိုက်ပျိုးရေး စနစ်တကျမြေပြုပြင်ရေးသွင်းအားစုများ စနစ်တကျသုံးစွဲရေး အပင်ဦးရေ ပြည့်မီရေးအတွက် စနစ်တကျ စိုက်ပျိုးရေးစသည့် အထွက်နှုန်း တိုးတက်ရေးနည်းပညာများကိုဆွေးနွေးခဲ့သည်။

ထို့နောက် မိုးစပါးအထွက်နှုန်းမှတ်တမ်းတင်စံကွက်(၀.၁၀) ရိတ်သိမ်းရာတွင် တစ်ဧကအထွက်နှုန်း အစိုတင်း  (၁၂၉)      တင်းနှုန်းထွက်ရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)