မင်းဘူး အောက်တိုဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ဒေသအာဏာပိုင်များအနေဖြင့် မင်းဘူးမြို့အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများစွာ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် သမိုင်းဝင်တန်ခိုးကြီး စေတီပုထိုးများ၊ သာသနိက အဆောက်အအုံများနှင့် လမ်းတံတားများ ပါဝင်သည်။ တန်ခိုးကြီးဘုရားများတွင် သမိုင်းဝင်စက္ကိန်းတဲ စေတီတော်မြတ်ကြီး ရွှေသင်္ကန်း ကပ်လှူခြင်းနှင့် ရွှေထီးတော်တင်လှူခြင်း၊ ရှင်မင်းဘူးဘုရား ပရဝုဏ်အတွင်းမှ စဓဗဝဘုရား လုံးပတ်တော်များ ပြန်လည်ပြုပြင်ခြင်း၊ နဂါးပွက်တောင် အဝင်လမ်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်း အရိပ်ရမန်ကျည်းပင် ၄၀၀၀ စိုက်ပျိုးခြင်းနှင့် ကွန်ကရစ်လမ်း အရှည် ၁၉၀၀ ပေ ခင်းခြင်းများ ဆောင်ရွက်ခဲ့သည်။
လမ်းတံတား ဆောင်ရွက်မှုတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်သော မြို့တွင်းပေါင်းကူးတံတားများ၊ လမ်းမကြီးနှင့် လမ်းသွယ်လေးများအပြင့် မင်းဘူးခရိုင် လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် မိုင်တိုင်အမှတ် (၀/၆) မှ (၁/၀) အတွင်းနှင့် မိုင်တိုင်အမှတ် (၁/၃) မှ (၁/၄) အတွင်း အန္တရာယ်ရှိသော လမ်းကွေ့များ (မျက်ကွယ်များ) မြေဖြတ်ခြင်းလုပ်ငန်းနှင့် ၂၄ ပေအကျယ် ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းများ၊ လမ်းအထူးအဖွဲ့ (၁၁) မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူ (မင်းဘူးမြို့တွင်းလမ်း) မိုင်တိုင်အမှတ် (၀/၄) မှ (၁/၅) အထိ ၁ မိုင်၊ ၁ ဖာလုံအား မူလကတ္တရာလမ်း ပေ ၃၀ အကျယ်မှ ၄၈ ပေအထိ လမ်းချဲ့၍ နိုင်လွန်ကတ္တရာ လမ်းခင်ခြင်းလုပ်ငန်းများကို ပွင့်လင်းရာသီအမီ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာ တာဝန်ခံများထံမှ သိရသည်။
ဇေယျာထက်(မင်းဘူး)