မုံရွာ အောက်တိုဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ သီတင်းကျွတ်ကျောင်းပိတ်ရက်ပြန်လည်ဖွင့်လှစ်သည့်အချိန်တွင် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများစုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေသူများ၊ ရပ်ကွက်နေပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆရာ/ဆရာမများအား တန်ဖိုးသင့်စားသောက်ကုန်များ၊ ဟင်းသီးဟင်းရွက်များနှင့် စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးကာ ကျောင်းသားမိဘများနှင့်ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေကြသူများနှင့်အတူ နံနက်စာ အတူတကွသုံးဆောင်ခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် (၁၃) ခရိုင်၊ မြို့နယ် (၈) မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား (၁၂၀၀) ကျော်ဖြင့် အခြေခံပညာကျောင်းများနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများအား စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)