စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ်၊ အမျိုးသား အားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၄)တက်ရောက်

မုံရွာ အောက်တိုဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ်၊ အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့်အောင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၅/၂၀၂၄)ကို ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာအစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)ကျောင်းအုပ်ကြီးနှင့် အားကစားနည်းများအလိုက် တာဝန်ခံများ၊ အသင်းနည်းပြများနှင့်အုပ်ချုပ်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဇော်လွင်က ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစား ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ပြိုင် ပွဲဝင်အားကစားသမားများ စုဖွဲ့လေ့ကျင့်နေမှုများအား Power Point ဖြင့် ရှင်းလင်းတင် ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ကျောင်းအုပ်ကြီးနှင့် အားကစားနည်းများအလိုက်တာဝန်ခံများ၊ အသင်းနည်းပြများနှင့်အုပ်ချုပ်သူများက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် အားကစားနည်းများအလိုက် စခန်းသွင်းစုဖွဲ့လေ့ကျင့်နေမှုများနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသည့် အခြေအနေများအား အသီးသီးရှင်းလင်းဆွေးနွေး တင်ပြကြသည်။ 

ဆက်လက်၍ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက မိမိတို့တာဝန်ယူကြီးကြပ်နေသည့် အားကစားနည်းများအလိုက် စခန်းသွင်းလေ့ကျင့်နေမှုအခြေအနေများ၊ စားသောက်ရေး/နေထိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးထားသည့် အခြေအနေများအား ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အောင်နိုင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို အသီးသီးဆွေးနွေးတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမျိုးသားအားကစားပွဲတော်ပြိုင်ပွဲကြီးသို့ အားကစားနည်းများအလိုက် သွားရောက်ယှဉ်ပြိုင်ကြမည့် အုပ်ချုပ်/နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများအားလုံးအတွက် ပြိုင်ဆိုင်မှုပြင်းထန်လှသည့် ပြိုင်ပွဲကြီးတစ်ခုဖြစ်ပါကြောင်း၊ တာဝန်ရှိသူအားလုံးအနေဖြင့် ပြိုင်ပွဲကြီးအပေါ် တာဝန်ခံမှု၊ တာဝန်သိမှုစိတ်ဓါတ်အပြည့်ဖြင့် ပြိုင်ပွဲများအလိုက် မိမိတို့အသင်းအနိုင်ရရှိရေး အားတစိုက်မတ်မတ်အလေးအနက်ထားပြီး စံချိန်ကောင်းများဖြင့် ဆုတံဆိပ်များရရှိကာ အောင်မြင်မှုများရရှိရေးအတွက်ပေါ့ဆမှုမရှိဘဲ အလေးထားဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ အသင်းလိုက်အားကစားအနေဖြင့်လက်ရှိတွင် တစုတစည်းတည်းလေ့ကျင့်နိုင်ပါက တစ်ဦးနှင့်တစ်ဦးအချိတ်အဆက်မိမိ ယှဉ်ပြိုင်ကစားသွားနိုင်မည်ဖြစ်ပါကြောင်း၊ အုပ်ချုပ်/နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားအနေဖြင့် အားကစားနည်းများအလိုက် အမှန်တကယ်စုဖွဲ့လေ့ကျင့်ပြီး ဆုတံဆိပ်များဆွတ်ခူးရရှိအောင် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်သွားကြရန်နှင့် အားကစားသမားကောင်းစိတ်ဓါတ်ပြည့်ဝစွာဖြင့် စည်းကမ်းကောင်းမွန်ပြီး ယုံကြည့်ချက်ခံယူချက် ကောင်းမွန်စွာဖြင့် ယှဉ်ပြိုင်ကစားသွားကြ ရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ်လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ ပြန်/ဆက်