တိုင်းဒေသကြီးဝန်ကြီးချုပ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲဝင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အသင်းအား ကြိုဆိုဂုဏ်ပြု

ပုသိမ်  အောက်တိုဘာ ၂၆

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်) ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အသင်းအား ကြိုဆိုဂုဏ်ပြုခြင်းကို အောက်တိုဘာ ၂၄ ရက်နေ့ ညပိုင်းက ပုသိမ်တက္ကသိုလ်ရှေ့တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများက ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။

ဦးစွာ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲ သို့ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသည့် ဧရာဝတီ တိုင်းဒေသကြီး ကိုယ်စားပြုအသင်း အုပ်ချုပ်နည်းပြများ၊ ပြိုင်ပွဲဝင်များအား ဖျော်ဖြေရေးအဖွဲ့များက အိုးစည်၊ ဗုံမောင်းများဖြင့် ကြိုဆိုခဲ့ကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုပန်းစီးများဖြင့် ရင်းနှီးနွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများအား ယမန်နေ့နံနက်ပိုင်းတွင် ချောင်းသာကမ်းခြေနှင့် Sea & Lake Garden သို့ အပန်းဖြေခရီး ပို့ဆောင်ခဲ့သည်။

ဦးစွာ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်)ပြိုင်ပွဲ (ဗဟိုအဆင့်)တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများသည် ချောင်းသာကမ်းခြေ Azura Hotel သို့ရောက်ရှိပြီး ချောင်းသာကမ်းခြေတစ်လျှောက် အပမ်းဖြေခြင်း၊ ရေကူးခြင်း၊ အလှဓာတ်ပုံများ ရိုက်ကူးခြင်း များဖြင့် အေးချမ်းပျော်ရွှင်စွာ အနားယူခဲ့ကြပြီး Azura Hotel တွင် တည်ခင်းဧည့်ခံ ကျွေးမွေးသည့် နေ့လည်စာများကို သုံးဆောင်ခဲ့ကြသည်။

ယင်းနောက် အဆိုပါအဖွဲ့များသည် Sea & Lake Garden သို့ ဆက်လက်ထွက်ခွာပြီး ဒီရေတောတံတား၊ ကျောက်စိမ်းပြတိုက်၊ သစ်သားများဖြင့် ထွင်းထုထားသည့် ပန်းပုရုပ်တု ပြတိုက်နှင့် အသဲတစ်ရာ ဥယျာဉ်တို့တွင် လေ့လာလည်ပတ်ကြည့်ရှုခြင်းနှင့် အမှတ်တရမှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးခြင်းများအပြင် အခြားစိတ်အပမ်းဖြေလည်ပတ်စရာ နေရာများအား လွတ်လပ်ပျော်ရွှင်စွာ လည်ပတ်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးပညာရေးမှူးရုံး၊ အစည်းအဝေးခန်းမ(၁)၌ တိုင်းဒေသကြီးပညာရေးမှူးရုံး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီး ပညာရေးမှူးရုံး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား လစဉ်ပြုလုပ်လျက်ရှိပါကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်မြင့်မားရေးနှင့် ဘာသာတွဲများအလိုက် ဘာသာစုံဂုဏ်ထူးများ ပိုမိုရရှိပြီး ထူးချွန်စွာအောင်မြင်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကြပ်မတ်လျက်ရှိပါကြောင်း၊ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများကိုလည်း ခရိုင်များအလိုက် တက္ကသိုလ်များတွင် ဆွေးနွေးပေးလျက်ရှိပါကြောင်း၊ ကျောင်းသားလူငယ်များ၏ စာပေ၊ ဂီတ၊ အနုပညာ၊ အားကစား၊ ပညာရေးကဏ္ဍများတွင်  ဘက်စုံဖွံ့ဖြိုးတိုတက်အောင် အခြေခံပညာမှ စတင်ဆောင်ရွက်ရမည်ဖြစ်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး  သုတရသစာအုပ်စာပေများကို ဖတ်ရှုနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းကဆိုသည့်အတိုင်း ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး၊ ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့် ကျောင်းတက်ရောက်စေရေးနှင့် စဉ်ဆက်မပြတ်အတန်းစဉ်ကူးပြောင်းမှုရှိစေရေး ဝိုင်းဝန်း ဆွေးနွေးအကြံပြုကြ စေလိုကြောင်း”အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးပညာရေးမှူးမှ အခြေခံပညာကျောင်းများဖွင့်လှစ်သင်ကြားနေမှု အခြေအနေများ၊ English ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲအတွက် ကြိုတင် ပြင်ဆင်မှုအခြေအနေများ၊ စာကြည့်တိုက်သင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊ ဥပဒေသင်တန်းအတွက် ပြင်ဆင်ထားရှိမှုများ၊  တက္ကသိုလ်ဝင်စာပေးပွဲ အောင်ချက် မြင့်မားရေးကိစ္စရပ်များ၊  တက္ကသိုလ်များတွင် ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲဆောင်ရွက်မည့် ကိစ္စရပ်များ၊ ရေကြီးနစ်မြုပ်ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြား နေမှုအခြေအနေများအား လည်းကောင်း၊ ခရိုင်ပညာရေးမှူးများနှင့် မြို့နယ်ပညာရေးမှူးများက ပညာရေးဆိုင်ရာ လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြပြီး ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး  လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)