အိမ်မဲ အောက်တိုဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရေး၊ စာဖတ်သည့်အလေ့အထကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့ နံနက် ၁၀ နာရီ တွင် အ.မ.က ချောင်းဝကျောင်း၌ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်ဌေးဌေးလှိုင်က ကျောင်းသား/သူများအား အသိပညာဗဟုသုတရရှိစေရန်၊ စာဖတ်သည့်အလေ့အထကောင်းများရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားရေးအတွက် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ စာပေဖတ်ရှုခြင်း၏အကျိုးကျေးဇူး၊ လူကုန်ကူးမှုအန္တရာယ်အကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းက စားသုံးသူအခွင့်အရေး၊ စားသုံးရန်မသင့်သော အစားအစာများအကြောင်းတို့ကို အကျယ်တဝင့်ဟောပြောခဲ့သည်။
ဆက်လက်ပြီး စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ခါးလှည့်ကွင်းပြိုင်ပွဲကျင်းပရာ ကျောင်းသား/သူများ ပါဝင်ယှဥ်ပြိုင်ကြပြီး ဆုရရှိသူများကို မြို့နယ်ဦးစီးအရာရှိက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် မြို့နယ်ပြန်/ဆက်ဝန်ထမ်းများက ကျောင်းသား/သူများကို သုတ၊ ရသရရှိစေမည့် စာအုပ်၊ စာစောင်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာအသိပညာ ပေးနံရံကပ်စာစောင်များကို ပြသထားရှိရာကျောင်းသား/သူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)