ပဲခူးမြို့၌ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဆီမီး(၁၀၀၀၀)ဆက်ကပ်လှူဒါန်း ပူဇော်

ပဲခူး အောက်တိုဘာ ၁၈                 

ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ယမန်နေ့ ညပိုင်း၊ သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဆီမီး (၁၀၀၀၀) ဆက်ကပ်လှူဒါန်းပူဇော်ပွဲအား ပြည်သူများနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။       

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးတို့က ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဗုဒ္ဓဂုဏ်တော်များကိုရည်မှန်း၍ နမောတဿသုံးကြိမ်ရွတ်ဆို ကန်တော့ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့သည် စေတီတော်မြတ်ကြီးအား ဆီမီး(၁၀၀၀၀)အား စတင်မီးထွန်း ညှိပူဇော်ခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသည့် တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများတို့က ဆုတောင်းပြည့်ရွှေမော်တော်ရင်ပြင်ပေါ်၌ ဆီမီးများအသီးသီးထွန်းညှိခြင်း၊ ရောင်စုံမီးပုံပျံများ လွှတ်တင်ပူဇော်ခဲ့ကြသည်။ ထိုအချိန်တွင် တေးညွှန့်မင်္ဂလာတေးဂီတအဖွဲ့က ညိမ့်ညောင်းသာယာသော ဓမ္မတေးများဖြင့် သီဆိုပူဇော်ခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။        

သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့ ညချမ်းအချိန်တွင် ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၊ ရွှေသောလျောင်းရုပ်ပွားတော်မြတ်ကြီး၊ ကျိုက်ပွန်လေးမျက်နှာဘုရား၊ မဟာစေတီတော်မြတ်ကြီး၊ ရွှေဂူလေးဘုရား၊ ရွှေဂူကြီးဘုရား၊ ကျိုက်ပညာယျစေတီတော်မြတ်ကြီးစသည့် ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီများတို့တွင် သီတင်းကျွတ်ကာလအချိန်အတွင်း ညစဉ်ဆီမီးပူဇော်ခြင်းနှင့်အတူ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများနှင့် အထူးစည်ကားသိုက်မြိုက်လျက်ရှိကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)