ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓဘိသေက အနေကဇာတင်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ

ကျိုက်ထို အောက်တိုဘာ ၁၇

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ တည်ရှိသည့်ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ မင်္ဂလာအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့၊ ယနေ့နံနက် ၅ နာရီခွဲက ဆံတော်ရှင်ကျိုက်ထီးရိုးရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျိုက်ထီးရိုး ရင်ပြင်တော်ရှိဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံး၌ ကျိုက်ထီးရိုးစေတီ‌တော် ဩဝါဒစရိယ ဆရာတော်များအား မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များမှ အာရုံဆွမ်း ဆက်ကပ်လှူဒါန်းပြီး အခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ဩဝါဒစရိယဆရာ‌‌တော် (၁၁)ပါးမှ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေက အနေကဇာတင်လှူ ပူဇော်ပြီး စေတီတော်မြတ်အား ဆရာတော်ကြီးများနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများက အမွှေးနံ့သာရည်များဖြင့် ပူဇော်ခဲ့ကြသည်။

ယင်းနောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ မင်္ဂလာကို နမောတဿသုံးကြိမ်ရွတ်ဆို ပူဇော်ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကအဖွဲ့ (အကျိုးတော်ဆောင်) ဘုရားသုံးဆူကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ တေဇဝန္တထံမှ (၉)ပါးသီလခံယူ ဆောက်တည်၍ ဆရာတော်ကြီးများက မေတ္တသုတ်ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈယ် ချီးမြှင့်ပေးကာ ဩဝါဒစရိယ ဆရာတော်ကြီးများထံ မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်မှ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ယင်းနောက် ကျိုက်ထီးရိုးစေတီ‌တော် ဩဝါဒစရိယဆရာတော် နိုင်ငံတော်သံဃနာယကအဖွဲ့ဝင် အဂ္ဂမဟာသဒ္ဓမ္မ‌ ဇောတိကဓဇ မရမ်းချိုကျောင်းတိုက်ဆရာတော် ဦးအာစရမှ ဩဝါဒကထာ ချီးမြှင့်တော်မူပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ သာသနာ့ဓဇဓမ္မာစရိယ မဟာမယ်ဇယ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တတေဇနိယက လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေပြီး ဗုဒ္ဓသာသနံစီရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။

ထို့နောက် မွန်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးဆွေ၊ မွန်ပြည်နယ် သာသနာရေးဦးစီးမှူး ဦးအောင်ဝင်းထွန်း၊ ဆံတော်ရှင်ကျိုက်ထီးရိုး ဂေါပကအဖွဲ့ အဖွဲ့ခေါင်းဆောင်ဦးစိုးလှတို့မှ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဘုရားဖူးပြည်သူများက ဆွမ်းဆန်စိမ်းနှင့်အတူ လှူဖွယ်ဝတ္ထုများအား လောင်းလှူခဲ့ကြကြောင်း သိရသည်။

ဆံတော်ရှင်ကျို က်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)