မင်းလှမြို့နယ်၌ ၂၀၂၄ ခုနှစ်  ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေများ စတင်ထုတ်ချေးပေး

အထက်မင်းလှ   အောက်တိုဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၄ ခုနှစ်အတွက် ဆောင်းသီးနှံစိုက်ပျိုးကြမည့် တောင်သူများအား ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို  ယနေ့နံနက် ၉ နာရီကစတင်ထုတ်ချေးပေးလျက်ရှိကြောင်းသိရသည်။

မင်းလှမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုး စရိတ်ဘဏ်ချေးငွေအား ကျေးရွာအုပ်စု(၁၃)အုပ်စု၊ တောင်သူ(၄၅၀)ဦးအား ချေးငွေကျပ် (၂၈၀၀:၀၀) သိန်းထုတ်ချေးရန်လျာထားပြီး တောင်သူများပိုင်ဆိုင်ထားသော(ပုံစံ-၇)မူရင်းများကို ဘဏ်အပေါင်အဖြစ် ရယူထားပြီး တောင်သူတစ်ဦးချင်းကိုယ်တိုင်အာမခံသည့်စနစ်ဖြင့် ရှင်းလင်းလွယ်ကူစွာ ထုတ်‌ချေးပေးလျက်ရှိသည်။

အဆိုပါ ဆောင်းသီးနှံထုတ်ချေးရန်ကာလမှာ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလ ကုန်အထိဖြစ်ပြီး၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလ(၁၅)ရက်နေ့တွင်စတင်ထုတ်ချေးပေးခဲ့ရာ ကျေးရွာ အုပ်စု(၃)အုပ်စုမှတောင်သူ(၃၈)ဦးအား ဆောင်းသီးနှံထုတ်ချေးငွေကျပ် (၂၂၄)သိန်း ထုတ်ချေးပေးပြီးဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ ကျန်ရှိနေသည့် တောင်သူများအား ဆောင်းသီးနှံ စိုက်ပျိုးစရိတ်များ ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာထံမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)